«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

23 Aug 2017

အသက်ရှုကြပ်ဝမ်းပျက်ရောဂါ(Histoplasmosis)

,
ဒီရောဂါကိုဖြစ်စေတတ်တဲ့ Histoplasma capsulatum ဆိုတဲ့မှိုဟာ အပူပိုင်းဒေသတွေနဲ့ မြန်မာနိုင်ငံလို သမပိုင်းဒေသတွေရဲ့မြေကြီးထဲမှာ သဘာဝအလျှောက်တွေ့ရတတ်တဲ့မှိုတစ်မျိုးဖြစ်ပါတယ် ၊ ဒီရောဂါကတော့ ပြင်ပမြေပေါ်မှာပြေးလွှားနေထိုင်ရတဲ့ခွေးတွေမှာ ပိုအဖြစ်များပြီး အသက်အရွယ် (၇)နှစ်အောက်ခွေးတွေမှာ ပိုမိုဖြစ်ပွားတတ်တယ်လို့ဆိုပါတယ် ၊ ဒီရောဂါကိုဖြစ်စေတတ်တဲ့  Histoplasma capsulatum ဆိုတဲ့မှိုကို ကြက်ငှက်နဲ့လင်းနို့ကြွက်တွေရဲ့မစင်တွေရှိတဲ့မြေကြီးမှာ အများအပြားတွေ့ရတတ်ပါတယ် ၊ ရောဂါဖြစ်စေတဲ့မှိုဝင်ရောက်နေတဲ့ခွေးတွေမှာ အများစုဟာ ကိုယ်ခံအားကောင်နေရင်တော့ ရောဂါလက္ခဏာမပြပဲရှိနေတတ်ပါတယ် ၊ ကိုယ်ခံအားကျဆင်းသွားတဲ့အချိန်မျိုးမှာတော့ ရောဂါလက္ခဏာတွေဖြစ်ပေါ်လာတတ်ပါတယ် ၊ ရောဂါပိုးဝင်ရောက်တဲ့အဓိကလမ်းကြောင်းတွေကတော့ လေနဲ့အတူရှုရှိုက်မိရာကဖြစ်စေ ဒီရောဂါဖြစ်စေတဲ့မှိုပါတဲ့အစာနဲ့ ရေကို စားသောက်မိရာကဖြစ်စေ ၀င်ရောက်လာတာဖြစ်ပါတယ် ၊ ရောဂါအဆင့်ဖြစ်လာရင် ရောဂါလက္ခဏာအမျိုးမျိုးပြသလာတတ်ပါတယ် ၊ ချောင်းဆိုးခြင်း ၊အသက်ရှုကြပ်ခြင်း ၊ ၀မ်းပျက်ခြင်းနဲ့ အဖျားနဲ့အတူမှိုင်တွေနေတတ်ခြင်းတွေဟာ တွေ့ရတတ်တဲ့ရောဂါလက္ခဏာတွေဖြစ်ပါတယ် ၊ မျက်တွင်းသားတွေဖြူဖတ်ဖြူရော်ဖြစ်နေတာကိုလည်း တွေ့ရတတ်ပါတယ် ၊ ဒီရောဂါဟုတ်မဟုတ်ကိုသိရဖို့ကတော့ စအိုအတွင်းသားဖြစ်စေ ရောဂါလက္ခဏာပြတဲ့နေရာကအသားစကိုဖြစ်စေ ရယူပြီးဓါတ်ခွဲခန်းမှာပွားများစေခြင်းနည်းနဲ့စစ်ဆေးရမှာ ဖြစ်ပါတယ် ၊ ဒီရောဂါဖြစ်တဲ့ခွေးကို itraconazole  စားဆေးနဲ့ကုသပေးနိုင်ပါတယ် ၊ Ketoconazole နဲ့ fluconazole စားဆေးတွေလည်းတိုက်လို့ရပေမယ့် ဆေးထွက်ဆိုးကျိုးများတတ်ပါတယ် ၊ fluconazole စားဆေးနဲ့မတိုးတဲ့ခွေးဆိုရင် itraconazole  စားဆေးပြောင်းတိုက်ရပါမယ် ၊ ဘယ်ဆေးကိုပဲတိုက်တိုက် အနည်းဆုံး(၂)လကနေ(၃)လအထိတိုက်ကျွေးပေးဖို့လိုအပ်ပါတယ် ၊ အသက်အန္တရာယ်နီးတဲ့အနေအထား ရှိတဲ့ခွေးတွေဆိုရင်တော့ Amphotericin B ဆေးကိုသုံးသင့်ပါတယ် ၊ ဒီရောဂါကိုစတင်ကုသချိန်မှာ glucocorticoids စားဆေးတစ်မျိုးမျိုးပူးတွဲတိုက်ကျွေးပေးခြင်းဟာ ရောဂါလက္ခဏာတွေကို လျှင်မြန်စွာသက်သာသွားစေနိုင်ပါတယ် ။

0 မှတ်ချက်များ to “အသက်ရှုကြပ်ဝမ်းပျက်ရောဂါ(Histoplasmosis)”

Post a Comment