«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

15 Sept 2020

ခဲဆိပ်သင့်ခြင်း(Lead poisoning)

,
ခွေးကြောင်တွေမှာခဲဆိပ်သင့်ရခြင်းဟာ အိမ်သုပ်ဆေးကွာကျနေတဲ့အိမ်အိုအိမ်ဟောင်းတွေနဲ့ ပတ်ဝန်းကျင် မသန့်ရှင်းတဲ့နေရာမျိုးတွေမှာအဖြစ်များလေ့ရှိတဲ့အပြင် ခွေးကြီးတွေမှာထက် ခွေးပေါက်စလေးတွေမှာ ပိုပြီး အဖြစ်များလေ့ရှိပါတယ်။
အိမ်သုတ်ဆေးသုပ်လိမ်းထားတဲ့ပစ္စည်းတွေ၊ ဘက်ထရီအိုးအခွံတွေ၊ရေပိုက်ဆက်ပစ္စည်းတွေနဲ့ အရောင်တင် ပစ္စည်းတွေဟာ ခဲဆိပ်သင့်စေနိုင်တဲ့အရာတွေဖြစ်ပါတယ်။
သုတ်ဆေးမှုတ်ဆေးတွေနဲ့လှပအောင်ပြုလုပ်ထားတဲ့ ကလေးကစားစရာအရုပ်တွေ၊ ပလပ်စတစ်အိတ်တွေကို ခွေးငယ်လေးတွေကိုက်ချီဆော့ကစားခြင်းဟာ အချိန်ကြာလာရင် ခဲဆိပ်သင့်လာတတ်ပါတယ်၊ အဲဒီကစားစရာတွေကိုဝါးမိရင်ဖြစ်စေ၊လျှာနဲ့လျှက်မိရင်ဖြစ်စေ ခဲဆိပ်သင့်တာပိုမြန်တတ်ပါတယ်၊ သွပ်ပြားကိုခဲဂဟောနဲ့ဆက်ပြီးပြုလုပ်ထားတဲ့ အစာခွက်တွေရေခွက်တွေနဲ့အစာကြွေးခြင်း ရေတိုက်ခြင်း ပြုလုပ်တာဟာ ရေရှည်မှာခွေးကြောင်တွေကိုခဲဆိပ်သင့်လာစေနိုင်ပါတယ်။
ခွေးကြောင်တွေမှာအဆိပ်သင့်တဲ့လက္ခဏာတွေပြသလာတဲ့အခါ တကယ်အဆိပ်သင့်တာဟုတ်မဟုတ် သုံးသပ်ဆင်ခြင်တဲ့အခါတိုင်း ဒီလက္ခဏာတွေပေါ်မလာခင့်အချိန်တုန်းက ခဲဓာတ်ပါတဲ့အရာတွေနဲ့ ဆက်စပ်မှုကို အမြဲတမ်းထည့်သွင်းစဉ်းစားရလေ့ရှိပါတယ်။
ခဲဆိပ်သင့်တဲ့အခါ အစာအိမ်အူလမ်းကြောင်းရောဂါလက္ခဏာတွေနဲ့ ဦးနှောက်အာရုံကြောရောဂါ လက္ခဏာတွေတစ်ပြိုင်တည်းပေါ်လာတတ်ပါတယ် ၊ အန်ခြင်း ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း ၊အစားအသောက်ပျက်ပြီးဗိုက်နာခြင်း၊ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းစတဲ့လက္ခဏာတွေက အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါလက္ခဏာတွေဖြစ်ပြီး အားအင်ချည့်နဲ့လာခြင်း ၊ ထိတ်လန့်တတ်ခြင်း၊ မျက်စေ့မမြင်ခြင်း
နဲ့မကြာခဏတက်ခြင်းတွေကတော့ဦးနှောက်အာရုံကြောရောဂါလက္ခဏာတွေဖြစ်ပါတယ်။
ခဲဆိပ်သင့်တဲ့တိရစ္ဆာန်ကို အသက်ကယ်နိုင်ရေးအတွက် အဆင့်အလိုက်ဆောင်ရွက်ရမယ့် အဆင့်ပေါင်း (၅)ဆင့်ခွဲခြားသတ်မှတ်ထားကြပါတယ်။
(၁) ခဲဆိပ်သင့်မှန်းသိလျှင်သိချင်း အဆိပ်သင့်ပစ္စည်းတွေကို အန်ထုတ်အောင်ပြုလုပ်ပေးခြင်း
အိမ်သုံးဆားကို ရေခပ်နွေးနွေးနဲ့ဖျော်ပြီးတိုက်ရင် ချက်ချင်းအန်စေနိုင်သလို ၊ အနာတွေဆေးကြောရာမှာ အသုံးပြုရတဲ့ ဟိုက်ဒြိုဂျင်ပါရောက်ဆိုက်ဆေးရည်ကို လ္ဘက်စားဇွန်တစ်ဇွန်းလောက်တိုက်ပေးရင်လည်း ချက်ချင်း အန်စေနိုင်ပါတယ်။
(၂) အဆိပ်တွေကိုအစာအိမ်နဲ့အူလမ်းကြောင်းက စုပ်ယူလို့မရအောင်ပြုလုပ်ပေးခြင်း
ကြက်ဉဘဲဉအကာရည်ကိုတိုက်ပေးခြင်းအားဖြင့် အစာအိမ်နဲ့အူလမ်းကြောင်းရဲ့အတွင်းနံရံတွေကို အထိုက် အလျှောက်ဖုံးအုပ်ထားပေးနိုင်တဲ့အတွက် အဆိပ်တွေစိမ့်ဝင်သွားလို့မရအောင်တားဆီးပေးထားနိုင်ပါတယ်။
(၃) အဆိပ်တွေကို အစာအိမ်နဲ့အူလမ်းကြောင်းထဲမှာပဲ ယာယီထိမ်းသိမ်းထားစေပြီး ဝမ်းသွားတဲ့အခါ ပါသွားအောင်ပြုလုပ်ခြင်း
ဒီအဆင့်ကတော့ အစာအိမ်နဲ့အူလမ်းကြောင်းအတွင်းကိုရောက်နေတဲ့အဆိပ်တွေကို ဆွဲစုပ်ယူထားစေပြီး ဝမ်းသွားတဲ့အခါ ဝမ်းနဲ့အတူထွက်သွားအောင်ပြုလုပ်ခြင်းဖြစ်ပါတယ်။
ဆေးမီးသွေးလို့အဓိပ္ပာယ်ရတဲ့ Activated charcoal ဆေးမှုန့်လေးတွေဟာ အခြားအဆိပ်တွေကိုတော့ ကောင်းကောင်းစုပ်ယူထားနိုင်ပါတယ် ၊ ခဲဆိပ်တွေကိုတော့အပြည့်အဝစုပ်ယူမထားနိုင်တဲ့အတွက် ခဲဆိပ်သင့် တဲ့အခါ Activated charcoal ဆေးမှုန့်နဲ့အတူ Succimer လို့ခေါ်တဲ့ Dimercaptosuccinic အက်စစ်(သို့) Calcium EDTA ဆေးရည်တစ်မျိုးမျိုးကိုတစ်ပြိုင်တည်းတိုက်ကျွေးပေးရပါတယ်။
(၄) အစာအိမ်အတွင်းကိုရောက်နေတဲ့အဆိပ်တွေကိုဆေးကြောဖယ်ထုတ်ပစ်ခြင်း
ဒီအဆင့်ကတော့ အစာအိမ်ထဲကို Stomach tube လို့ခေါ်တဲ့ပိုက်ထည့်ပြီး ရေအေးအေးနဲ့ဆေးကြောကာ ပြန်လည်စုပ်ယူထုတ်ပစ်တဲ့နည်းနဲ့အဆိပ်တွေကိုဖယ်ထုတ်ပစ်တာဖြစ်ပါတယ်။
(၅) ဖြေဆေးထိုးနှံပေးခြင်း
အစာအိမ်အူလမ်းကြောင်ကနေတဆင့်စိမ့်ဝင်ပြီး သွေးစီးကြောင်းထဲအထိ ရောက်ရှိပြန့်နှံ့နေတဲ့အဆိပ်တွေကို ဓာတ်ပြုတဲ့နည်းနဲ့ကျေပျက်သွားအောင်လုပ်နိုင်တဲ့ဆေးတွေကိုထိုးနှံပေးခြင်းဖြစ်ပါတယ် ၊ ခဲဆိပ်တွေကိုကျေပျက်စေနိုင်တဲ့ဆေးတွေကို အောက်မှာဖော်ပြထားပါတယ်။
(၆) စောင့်ကြည့်ကုသပေးခြင်း
အဆိပ်ကြောင့်ပျက်စီးသွားတဲ့ကိုယ်တွင်းအင်္ဂါတွေဟာ ပုံမှန်အလုပ်မလုပ်နိုင်သေးတဲ့အချိန်မှာ ခန္တာကိုယ်ရဲ့ဇီဝ လုပ်ငန်းတွေကိုထိမ်းသိမ်းထားနိုင်ရေးအတွက်လိုအပ်မယ့်ကုထုံးများ Supportive theraphy နဲ့ လိုအပ်သလို စောင့်ကြည့်ကုသပေးတာဖြစ်ပါတယ် ၊ ဒီအပိုင်းမှာ ခဲဆိပ်ကြောင့်ခံစားနေရတဲ့ရောဂါလက္ခဏာတွေကိုသက်သာစေမယ့်ဆေးတွေထိုးနှံပေးရတာတွေလည်းပါဝင် ပါတယ်။
ခွေးကြောင်တွေခဲဆိပ်သင့်တဲ့အခါ အောက်ဖော်ပြပါဖြေဆေးတွေနဲ့ကုသပေးရပါတယ်။
(၁)Calcium-EDTA ထိုးဆေး
ဒီဆေးကတော့ကြောင်ဖြစ်စေခွေးဖြစ်စေ % ပြင်းအားရှိတဲ့ဆေးရည်ကို ခန္တာကိုယ်အလေးချိန်(၁)ကီလိုဂရမ် ရှိလေတိုင်း ၂၅-မီလီဂရမ်နှုန်းနဲ့တွက်ချက်ပြီး ၆-နာရီခြားတိုင်းထိုးနှံပေးရပါတယ် ၊ အခြေအနေအရလိုအပ်ရင်  ၅-ရက်လောက်အထိဆက်တိုက်ထိုးနှံပေးနေရမှာဖြစ်ပါတယ်။
(၂) Dimercaprol ထိုးဆေး
(၃) Calcium disodium EDTA ထိုးဆေး
(၄) D-Penicillamine ထိုးဆေး
(၅) Penicillamine တိုက်ဆေး
ဒီဆေးကတော့ ခွေးတွေဆိုရင် ခန္တာကိုယ်အလေးချိန်(၁)ကီလိုဂရမ်ရှိလေတိုင်း ၁၁၀-မီလီဂရမ်နှုန်းနဲ့ တွက်ချက်ပြီး ၈-နာရီခြားတိုင်းတိုက်ပေးရပါတယ် ၊ အခြေအနေအရလိုအပ်ရင် ရက်သတ္တ ၂-ပတ်လောက် အထိဆက်လက်တိုက်ကျွေးပေးနေရမှာဖြစ်ပါတယ်။
ကြောင်တွေဆိုရင်တော့ ခန္တာကိုယ်အလေးချိန်(၁)ကီလိုဂရမ်ရှိလေတိုင်း ၁၂၅-မီလီဂရမ်နှုန်းနဲ့တွက်ချက်ပြီး ၁၂-နာရီခြားတိုင်းတိုက်ကျွေးရပါတယ် ၊ အခြေအနေအရလိုအပ်ရင် ၅-ရက် လောက်အထိဆက်လက် တိုက်ကျွေး ပေးနေရမှာဖြစ်ပါတယ်။
(၆) Succimer တိုက်ဆေး
ဒီဆေးကတော့ကြောင်ဖြစ်စေခွေးဖြစ်စေ  ခန္တာကိုယ်အလေးချိန်(၁)ကီလိုဂရမ်ရှိလေတိုင်း ၁၀-မီလီဂရမ်နှုန်း နဲ့တွက်ချက်ပြီး ၈-နာရီခြားတိုင်း ၅-ရက်လောက်အထိ တိုက်ကျွေးရမှာဖြစ်ပါတယ်၊ သက်သာလာတဲ့အခါ ၈-နာရီခြားတိုင်း နောက်ထပ်  ၂-ပါတ်လောက်အထိ ထပ်မံတိုက်ကျွေးဖို့လိုအပ်ပါတယ်၊
အချုပ်အားဖြင့်ဆိုရင် မိမိရဲ့ခွေးကြောင်တွေခဲဆိပ်သင့်လာရင် အချိန်မဆိုင်းပဲ ချက်ချင်းကုသပေးသင့်ပါတယ် ၊ အချိန်မီစနစ်တကျကုသလိုက်ရင်(၁-၂)ရက်အတွင်းမှာပြန်လည်ကောင်းမွန်လာနိုင်ပါတယ်၊ အကယ်၍ခဲဆိပ်ကို ထိမ်းလို့မရတော့တဲ့အချိန်ကျမှကုသရင်တော့မျှော်လင့်ချက်နည်းလှပါတယ်၊ မိမိရဲ့ခွေးကြောင်တွေခဲဆိပ်သင့်ခြင်းမခံရစေဖို့ ဆိုရင် ခဲဓာတ်ပါတဲ့အစ္စည်းတွေ ၊ ကစားစရာအရုပ်တွေနဲ့ စားစရာထုပ်ပိုးတဲ့ပလပ်စတစ်အိတ်ခွံတွေကိုစနစ်တကျသိမ်းဆည်းသင့်ပါတယ်။

0 မှတ်ချက်များ to “ခဲဆိပ်သင့်ခြင်း(Lead poisoning)”

Post a Comment