ကမ်ပိုင်လိုဘက်တီးရီးယားရောဂါဆိုတာကတော့ခွေးပေါက်စလေးတွေမှာဖြစ်ပွားတဲ့ ပြင်းထန်တဲ့ ဝမ်းလျှောရောဂါတစ်မျိုးဖြစ်ပါတယ်၊ များသောအားဖြင့် ၃-ပါတ်သားအရွယ်အောက်ခွေးငယ်လေး တွေမှာအဖြစ်များလေ့ရှိပါတယ်။
ဒီရောဂါကိုဖြစ်ပွားစေတဲ့ ရောဂါပိုးကတော့ကမ်ပိုင်လိုဘက်တီးရီးယားလို့ခေါ်တဲ့ ဘက်တီးရီးယား ပိုးဖြစ်ပြီး ခွေးတွေကိုတစ်ကောင်နဲ့တစ်ကောင် ကူးစက်တတ်ပါတယ် ၊ ဒီဘက်တီးရီးယားဟာ စိုစွတ်တဲ့နေရာတွေမှာဆိုရင် ရက်သတ္တ(၅)ပါတ်လောက်အထိအသက်ရှင်နေနိုင်ပါတယ်။
ဒီရောဂါက အူလမ်းကြောင်းရောဂါတစ်ခုခုခံစားနေရပြီးကျန်းမာရေးချို့တဲ့နေတဲ့ခွေးငယ်လေးတွေမှာ နောက်ဆက်တွဲအနေနဲ့ ဝင်ရောက်လာတာဖြစ်ပါတယ်။ ဝင်ရောက်လာပုံကတော့ရောဂါပိုးပါနေတဲ့အစာ၊ရေနဲ့ တိရစ္ဆာန်ရဲ့မစင်နဲ့ထိတွေ့မိလို့ဖြစ်ပါတယ်
ခန္တာကိုယ်အတွင်းကိုရောဂါပိုးစတင်ဝင်ရောက်လာပြီးနောက် ၁-ရက်ကနေ ၇-ရက်လောက် အတွင်းမှာ အန်ခြင်း၊ဝမ်းအရည်ကျဲတွေသွားခြင်း၊ဝမ်းထဲမှာအယိအချွဲနဲ့သွေးစတွေပါလာခြင်းစတဲ့ ရောဂါလက္ခဏာတွေစတင်ပြသလာလေ့ရှိပါတယ် ၊ အဲဒီလို ၅-ရက်ကနေ ၁၅-ရက်လောက် အထိဖြစ်နေပြီးတဲ့နောက်မှာတော့ နာတာရှည်ဝမ်းပျက်တဲ့အဆင့်ကိုရောက်ရှိသွားတတ်ပါတယ် ။
ဒီရောဂါခံစားနေရတဲ့ခွေးကို ပူနွေးခြောက်သွေ့တဲ့နေရာမျိုးမှာပြောင်းရွှေ့ထားသင့်ပါတယ် ၊ ဝမ်းလျှောတာပြင်းထန်နေရင် ဓာတ်ဆားရည်ပုလင်းကြီးချိတ်ပေးရပါမယ်၊ တိုက်ဆေးအနေနဲ့ ကတော့ Erythromycin နဲ့ Ciprofloxin စတဲ့ပဋိဇီဝဆေးတွေကိုတိုက်ကျွေးပေးနိုင်ပါတယ် ၊ ကမ်ပိုင်လိုဘက်တီးရီးယားရောဂါဖြစ်နေတဲ့ခွေးပေါက်စ ကြောင်ပေါက်စလေးတွေနဲ့ ထိတွေ့မှု ကြောင့် လူတွေကိုကူးစက်နိုင်ပြီးဝမ်းလျှောဝမ်းပျက်ဖြစ်စေနိုင်ပါတယ် ၊ ဒါကြောင့်မို့သူတို့ကို ကိုင်တွယ်ပြီးတဲ့အခါတိုင်း လက်ကိုသေသေချာချာသန့်စင်အောင်ဆေးကြောသင့်ပါတယ်။