«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

11 Jan 2020

အစက်ချဆေး(Spot-ons) များ

,
အစက်ချဆေး(Spot-ons) တွေဟာခွေးကြောင်တွေရဲ့ခန္တာကိုယ်ပေါ်မှာစွဲကပ်ဒုက္ခပေးနေတဲ့ သန်းမွှားနဲ့လှေး စတဲ့အင်းဆက်ပိုးကောင်တွေကို သုပ်သင်နိုင်တဲ့ဆေးတွေဖြစ်ပြီး ခွေးကပြန်မလျှက်နိုင်တဲ့နေရာမှာအစက်ချပေးရတာဖြစ်ပါတယ်  ပုံမှာပြထားတဲ့အတိုင်းခွေးရဲ့ နောက်ကျောဖက် လက်ပြင်ရိုးနှစ်ဖက်ကြားကနေရာရဲ့ရှေ့ဖက်နားဖြစ်ပါတယ်
 
အစက်ချဆေး(Spot-ons)အမျိုးမျိုးရှိပြီး ထုတ်လုပ်တဲ့ကုမ္ပဏီတံဆိပ်အလိုက် ပါဝင်တဲ့ဓာတုပစ္စည်းချင်းလည်း မတူကြပါဘူး ၊ အစက်ချဆေးအဖြစ်အသုံးပြုတဲ့ဓာတုပစ္စည်းများအနက် Deltamethrin, Dinotefuran, Fipronil, Imidacloprid, Indoxacarb, Permethrin, Pyriproxifen နဲ့ Selamectin  တို့ဟာ အသုံးများတဲ့ ဓာတုဓာတ်ပေါင်းများဖြစ်ပါတယ်။
အစက်ချဆေးတွေမှာပါဝင်တဲ့အထက်ပါဓာတုပစ္စည်းအများစုဟာ ခွေးတွေရဲ့ခန္တာကိုယ်ပေါ်မှာ စွဲကပ်ပြီးဒုက္ခပေးနေတဲ့ သန်း၊မွှားနဲ့လှေးစတဲ့ အင်းဆက်ပိုးကောင်တွေရဲ့အာရုံကြောစနစ်ကိုပျက်စီးစေတဲ့ဆေးတွေဖြစ်ပြီး တချို့ဆေးတွေကတော့ သန်း၊မွှားနဲ့လှေးသားပေါက်ကောင်လေး တွေကို ဆက်လက်ကြီးထွားမလာနိုင်တော့အောင်ဟန့်တားပေးတဲ့ဆေးတွေဖြစ်ပါတယ်။

အစက်ချဆေးတွေအသုံးပြုတဲ့အခါ မိမိအစက်ချပေးမည့်နေရာကအမွှေးအမျှင်တွေကို ဘေးတစ်ဖက် တစ်ချက်ဆီကိုဖယ်ရှားကာ အရေပြား ပေါ်လာအောင်ဦးစွာဆောင်ရွက်ရမှာဖြစ်ပြီး ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ညွှန်ကြားချက်နှင့်အညီ ခွေးရဲ့ခန္တာကိုယ်အလေးချိန်နဲ့ကိုက်ညီတဲ့ ပမာဏခန့်ကိုသာအစက်ချပေးရမှာဖြစ်ပါတယ်

အစက်ချဆေးများစုဟာ တစ်လမှာတစ်ကြိမ်နှုန်းနဲ့အစက်ချပေးဖို့ညွှန်ကြားထားလေ့ရှိပေမယ့် လိုအပ်သလို မကြာခဏအစက်ချပေးခြင်းကြောင့် အန္တရာယ်ဖြစ်လေ့မရှိပါဘူး။
မိမိရဲ့ခွေးကိုအစက်ချမပေးခင်ရေချိုးပေးခြင်းနဲ့ အစက်ချပေးပြီးနောက်ချက်ချင်းရေချိုးပေးခြင်းကိုရှောင်ကျဉ်သင့်ပါတယ် အဲဒီလိုပြုလုပ်ခြင်း အားဖြင့် ဆေးရဲ့အာနိသင်ထိရောက်မှုကိုလျှော့နည်းသွားစေတတ်လို့ဖြစ်ပါတယ် ။ အစက်ချပေးထားတဲ့ခွေးပေါ်ကဆေးရည်တွေခြောက်သွေ့မသွားသေးခင်အချိန်မှာ ခွေးကို ကလေးသူငယ်များအခြားခွေးကြောင်များနဲ့ ခွဲထားသင့်ပါတယ် Permethrin  ပါဝင်တဲ့အစက်ချဆေးများဟာ ကြောင်တွေကိုအဆိပ်သင့်စေတတ်တဲ့အတွက် ခွေးတွေမှာအသုံးပြဖို့ ထုတ်လုပ်ရောင်းချတဲ့ အစက်ချဆေးတွေကို ကြောင်တွေမှာအသုံးမပြုသင့်ကြောင်းတင်ပြအပ်ပါတယ်။

0 မှတ်ချက်များ to “အစက်ချဆေး(Spot-ons) များ”

Post a Comment