မြေကြီးထဲမှာသဘာဝအလျှောက်ရှင်သန်နေထိုင်တဲ့Nocardiaလို့ခေါ်တဲ့ဘက်တီးရီးယားပိုးတွေဟာ
ခွေးကြောင်တွေရဲ့ အသက်ရှူလမ်းကြောင်း ၊ အာရုံကြောစနစ်နဲ့ကြွက်သားစနစ်တွေအပါအဝင်
ခန္တာကိုယ်အတွင်းက နေရာမျိုးစုံကိုဝင်ရောက်ဒုက္ခပေးပြီးရောဂါဝေဒနာမျိုးစုံဖြစ်ပွားစေနိုင်ပါတယ်
၊ ကြောင်တွေကို အဓိကဒုက္ခပေးတဲ့မျိုးစိပ်တွေကတော့ Nocardia asteroides ၊ Nocardia
brasiliensis နဲ့ Proactinomyces တို့ဖြစ်ပါတယ် ၊ အဲဒီပိုးတွေကို လေနဲ့အတူရှူသွင်းမိတဲ့အခါမှာ
ခန္တာကိုယ်အတွင်းကို ရောက်ရှိလာတတ်တဲ့အပြင် အနာတွေနဲ့ ဒါဏ်ရာတွေကနေလည်းဝင်ရောက်
လာတတ်ပါတယ်။
Nocardia ရောဂါပိုးတွေ ခန္တာကိုယ်အတွင်းကိုရောက်ရှိလာတဲ့အခါမှာ သူတို့ရောက်ရှိနေတဲ့နေရာ
တွေအလိုက် ရောဂါလက္ခဏာပြသတာချင်းမတူကြပါဘူး ၊ အဆုပ်ပတ်ဝန်းကျင်ကိုရောက်နေရင်
အဖျားတက်ခြင်း၊အသက်ရှူသံတစီစီဖြစ်ခြင်း ၊ အသက်ရှူမဝပဲတဖြည်းဖြည်းပိန်ချုံးလာခြင်းစတဲ့
လက္ခဏာတွေကိုတွေ့ရတတ်ပါတယ်။
အကယ်၍ရောဂါပိုးတွေဟာ အနာတွေကတဆင့် အရေပြားထဲကိုရောက်နေရင်တော့အနာတွေဟာ
ဆေးမတိုးတဲ့အပြင် တော်တော်နဲ့မကျက်နိုင်တဲ့ နာတာရှည်အနာတွေဖြစ်နေတတ်ပါတယ် ၊
ဒီရောဂါရနေတဲ့ခွေးကြောင်ဟာ လန်းဆန်းတက်ကြွမှုမရှိတော့ပဲ တဖြည်းဖြည်းနဲ့ပိန်ချုံးလာတာကို
တွေ့ရမှာဖြစ်ပါတယ်။
ဒီရောဂါဟုတ်မဟုတ်သိနိုင်ဖို့အတွက်ကြောင်ရဲ့လည်ချောင်းနဲ့ဝမ်းဗိုက်နေရာကအသားစကိုယူပြီး
စစ်ဆေးရသလို အိပ်စရေးဓာတ်မှန်ရိုက်တာတို့ ဆီးစစ်တာတို့ကိုလည်း လိုအပ်သလိုပြုလုပ်ရပါ
တယ်။
Nocardia ရောဂါပိုးကြောင့်ဖြစ်တဲ့ရောဂါကိုကုသတဲ့အခါမှာ ရောဂါဖြစ်ပွားတဲ့နေရာ တွေအလိုက်
ကုထုံးချင်းလည်းမတူနိုင်ပါဘူး ၊ အဆုပ်မှာဖြစ်နေတာဆိုရင် အသက်နဲ့နီးတဲ့အတွက် အဆုပ်ထဲက
အရည်တွေကိုပိုက်နဲ့စုပ်ထုတ်ပစ်ရမှာဖြစ်ပါတယ် ၊ တိရစ္ဆာန်ရောဂါကုဆရာဝန်တွေကတော့
Nocardia ရောဂါပိုးကိုသုပ်သင်ဖို့အတွက် တာရှည်ခံပဋိဇီဝဆေးတွေကို အသုံးပြုလေ့ရှိကြပါတယ်
မိမိရဲ့ကြောင်မှာ ဒါဏ်ရာတွေအနာတွေရှိနေရင် စနစ်တကျသန့်ရှင်းရေးလုပ်ပေးပြီး သင့်လျှော်တဲ့
ပိုးသတ်ဆေးရည်တစ်မျိုးမျိုးနဲ့ မကြာခဏဆေးကြောပေးခြင်းအားဖြင့် Nocardia ရောဂါပိုး ထပ်မံ
ဝင်ရောက်လာခြင်းမှ ကြိုတင်ကာကွယ်ထားနိုင်ပါတယ်။