ဒီရောဂါကို ကူးစက်တတ်သောအူယောင်ရောဂါ (Feline infectious enteritis)ကြောင်ကျောက်
ရောဂါ(feline distemper) စသဖြင့်အမျိုးမျိုးခေါ်ဝေါ်ကြပြီး၊မြန်မာနိုင်ငံမှာလည်းအဖြစ်များတဲ့ရောဂါတစ်ခုဖြစ်ပါတယ်။
ဒါပေမယ့် ခွေးတွေမှာဖြစ်ပွားတဲ့ခွေးကျောက်ရောဂါပိုးနဲ့ဆက်နွယ်ပတ်သက်ခြင်းလုံးဝမရှိပဲ
တစ်ခြားစီသီးသန့်ဖြစ်တဲ့ဗိုင်းရပ်ပိုးအမျိုးအစားဖြစ်ပါတယ်။
ကြောင်ပေါက်စလေးတွေမှာဒီရောဂါဖြစ်ရင် သေနှုန်းအလွန်များတတ်ပါတယ်။
ဒီရောဂါက ရောဂါဖြစ်နေတဲ့ကြောင်နဲ့ထိတွေ့ရင်ဖြစ်စေ ၊ရောဂါဖြစ်နေတဲ့ကြောင်ကထွက်တဲ့
အညစ်အကြေးတွေနဲ့ထိတွေ့မိရင်ဖြစ်စေကူးစက်ခံရပြီးအလွန်ကူးစက်မြန်တဲ့အတွက်
ဒီရောဂါဖြစ်လာရင် ကုသဖို့ခက်ခဲတဲ့အတွက်ကြောင်တွေအတော်များများဟာသေဆုံးသွားတတ်ပါတယ်။
ရောဂါဖြစ်နေတဲ့ကြောင်ကိုကျွေးတဲ့အစာခွက် ရေခွက်ထဲကိုသွားစားမိသောက်မိရင်လည်း
ကူးစက်ခံရတတ်ပါတယ်။
ရောဂါဖြစ်နေတဲ့ကြောင်ကိုပြုစုပြီးတဲ့လက်နဲ့အခြားကြောင်ကိုကိုင်ရင်လည်းကူးစက်တတ်ပါတယ်
ဒီရောဂါကိုဖြစ်စေတဲ့ ဗိုင်းရပ်ပိုး (panleukopenia virus)ဟာကြောင်တွေရဲ့ရောဂါကာကွယ်ရေး
စနစ်တစ်ခုဖြစ်တဲ့သွေးဖြူဥတွေကိုတိုက်ခိုက်ဖျက်ဆီးပစ်တဲ့အတွက်သေနှုန်းအလွန်များတဲ့ရောဂါလည်းဖြစ်ပါတယ်။
ရောဂါပိုးဟာကြောင်ရဲ့ခန္တာကိုယ်ထဲကိုရောဂါပိုးဝင်ရောက်ပြီး(၇)ရက်ကနေ(၁၀)ရက်လောက်
အတွင်းမှာ အစားအသောက်ပျက်လာပြီးကိုယ်အပူချိန် 105°F (40.5°C)လောက်အထိအပြင်းဖျားလာတတ်ပါတယ်။
ရောဂါအရှိန်ရလာတာနဲ့အမျှ မကြာခဏအန်တတ်ပြီး ပါးစပ်မှာဝါသန်းသန်းအရောင်သည်းချေရည်အမြှုပ်တွေစွန်းပေနေတတ်ပါတယ်။
ဒီရောဂါဖြစ်ရင်ဗိုက်နာတတ်တာကြောင့် နေပုံထိုင်ပုံဟာကုန်းကွကွဖြစ်နေတာကိုသတိထားကြည့်ရင်သိနိုင်ပါတယ်။
ကြောင်ဟာ ရေခွက်ရှိရာကိုမကြာခဏသွားပေမယ့် ရေကိုမသောက်ပဲ ရေခွက်အစွန်းပေါ်ကို
မေးတင်ပြီးနေတတ်ပါတယ်၊ရေကိုသောက်ပြန်ရင်လည်းချက်ချင်းလိုပြန်အန်တာကိုတွေ့ရတတ်ပါတယ်
သူ့ရဲ့ဝမ်းဗိုက်ပိုင်းကိုကိုင်တဲ့အခါ နာကျင်စွာအော်တတ်ပါတယ်။
ရောဂါဖြစ်စမှာ ဝမ်းပျော့တတ်ပြီးနောက်ပိုင်းမှာဝမ်းသွားတာနည်းလာတတ်ပါတယ်၊သွားပြန်ရင်လည်း သွေးစပါတဲ့ဝမ်းအရည်မျိုးကိုသွားတတ်ပါတယ် ဝမ်းသွားတဲ့အခါ သွေးပါတဲ့အတွက်မဲညစ်ညစ်အရောင်ဝမ်းသွားတတ်တဲ့အပြင် အန်တဲ့အခါမှာလည်းညိုညစ်ညစ်အရောင် ပျစ်ချွဲချွဲအရည်တွေအန်တတ်ပါတယ်။
အသက်ငယ်တဲ့ကြောင်တွေမှာ ဒီရောဂါဟာရုတ်တရက်ဖြစ်လာတတ်ပြီး ပိုင်ရှင်ကမရိပ်မိခင်မှာပဲ အခြေအနေချက်ချင်းဆိုးလာကာသေဆုံးသွားတတ်ပါတယ်။
ဒီရောဂါဟာ မိခင်ရဲ့ဗိုက်ထဲကကလေးတွေနဲ့ရက်သားကလေးတွေကိုလည်းကူးစက်နိုင်ပါတယ်။
သိပ်ငယ်လွန်းတဲ့အရွယ်တွေဖြစ်တာမို့ ရောဂါဒဏ်ကိုမခံနိုင်တဲ့အတွက်ကူးစက်ခံရတဲ့ကြောင်လေးတွေရဲ့(၉၀%)ဟာသေဆုံးသွားတတ်ပါတယ်။
သေဆုံးရခြင်းဟာ ဒီရောဂါကိုဖြစ်စေတဲ့ ဗိုင်းရပ်ပိုးကြောင့်ထက် ပြင်ပကနေထပ်မံဝင်ရောက်
ဒုက္ခပေးတဲ့ဘက်တီးယားပိုးတွေကြောင့်သေဆုံးရတာက ပိုများတတ်ပါတယ်။
ဒီရောဂါဖြစ်တာဟုတ်မဟုတ်ခွဲခြားသိနိုင်ဖို့ဆိုရင် သွေးကိုဖောက်ယူပြီး သွေးဖြူဥပမာဏကို
စစ်ဆေးကြည့်ရပါတယ်။
ဒီရောဂါဖြစ်ပြီးပြန်ကောင်းလာတဲ့ကြောင်တွေဟာ တစ်နှစ်အတွင်းမှာတော့ဒီရောဂါပြန်မဖြစ်
နိုင်ပါဘူး ဒါပေမယ့် သူကနေတစ်ဆင့်တော့တစ်ခြားကြောင်တွေကို ရောဂါပိုးကူးစက်နေစေနိုင်
တယ်ဆိုတာကိုသိထားသင့်ပါတယ်။
ဒီရောဂါကိုကုသပေးနိုင်ဖို့အတွက်ကတော့ ရောဂါဖြစ်လျှင်ဖြစ်ချင်း စောစောကုသနိုင်မှသာ
မြော်လင့်ချက်ရှိနိုင်မှာဖြစ်ပါတယ်။
ကုသတဲ့အခါ ပဋိဇီဝဆေးတွေထိုးနှံတိုက်ကျွေးဖို့အပြင် အစာအဟာရကောင်းအောင်ကျွေးဖို့နဲ့
ဓါတ်ဆားရည်ကိုများများတိုက်ပေးဖို့က အလွန်အရေးကြီးပါတယ်၊တစ်ခါတရံလိုအပ်တဲ့အခါ
သွေးသွင်းကုသပေးရတာမျိုးလည်းရှိပါတယ်။
ဒီရောဂါကိုဖြစ်စေတဲ့ရောဂါပိုး(panleukopenia virus)ဟာ အတော်လေးအသက်ပြင်းပါတယ်
သာမန်အိမ်သုံးပိုးသတ်တဲ့ဖျန်းဆေးတွေလောက်နဲ့မသေနိုင်ပဲ ကောဇောနဲ့ ကြမ်းကြိုကြမ်းကြားမှာ
အချိန်အတော်ကြာခိုအောင်းပြီးအသက်ရှင်နေနိုင်ပါတယ်။
ဒီရောဂါပိုးကိုသုတ်သင်နိုင်တဲ့နည်းကတော့ အရောင်ချွတ်ဆေးမှုန့်ကို ရေနဲ့သင့်တော်ရုံဖျော်စပ်ပြီး
ကြောင်နေတတ်တဲ့နေရာတွေနဲ့ ကြမ်းကြိုကြမ်းကြားနေရာတွေကို ပက်ဖျန်းပေးသင့်ပါတယ်။
မိမိရဲ့ကြောင်တွေ Panleukopenia Virus ရောဂါကြောင့်အသက်ဆုံးရှုံးမှုမဖြစ်စေဖို့ ကာကွယ်ဆေးထိုးထားခြင်းသာလျှင်အကောင်းဆုံးဖြစ်ပါကြောင်းတင်ပြလိုက်ပါတယ်။