«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

18 Jun 2018

နို့မထွက်ခြင်း (AGALACTIA)

,
နို့တိုက်မိခင်တွေမှာ နို့မထွက်တဲ့ပြသနာမျိုးကြုံရတတ်ပါတယ် ၊ နို့မထွက်ရခြင်းရဲ့အကြောင်းရင်းကိုသေသေချာချာ လေ့လာကြည့်တဲ့အခါ အကြမ်းအားဖြင့် အခြေခံအချက်(၂)ချက်ရှိတာကိုတွေ့နိုင်ပါတယ် ၊
အဲဒါတွေကတော့
(၁)နို့ချမပေးနိုင်ခြင်း (Failure of Milk to Let Down) နဲ့
(၂)နို့ဖြစ်ပေါ်မှုမရှိခြင်း (Failure to Produce Enough Milk) တို့ဖြစ်ပါတယ်
 
(၁)နို့ချမပေးနိုင်ခြင်း (Failure of Milk to Let Down)
နို့တိုက်မိခင်အများစုဟာ ကလေးတွေမွေးဖွားပြီးလျှင်ပြီးချင်း သူတို့ရဲ့သဘာဝအသိ အရသားငယ်လေးတွေကိုနို့တိုက်ရမယ်ဆိုတာသိတဲံအတွက် နို့အစို့ခံကြပါတယ် ၊
အဲဒီလို ကလေးတွေကနို့သီးခေါင်းကိုစုပ်တဲ့အခါ ဖြစ်စဉ်တစ်ခုဖြစ်ပေါ်လာပါတယ် ၊
ကလေးတွေကနို့သီးခေါင်းကိုစုပ်တဲ့လှုံ့ဆွပေးမှုကြောင့် ၊ မိခင်ရဲ့ဦးနှောက်ထဲမှာရှိနေတဲ့
ပီကျူထရီအကြိတ်ကနေ အောက်စီတိုစင်ဟိုမုန်းတွေထွက်လာပါတယ် ၊
သွေးထဲကနေတဆင့် နို့အုံထဲကိုရောက်လာတဲ့အောက်စီတိုစင်ဟိုမုန်းဟာ နို့ပေါက်တွေကိုကျယ်စေပါတယ် ၊ ဒါကြောင့်မို့ နို့ချပေးတဲ့ဖြစ်စဉ်ဟာချက်ချင်းဆိုသလို့ ဖြစ်ပေါ်လာပါတော့တယ် ၊ အကယ်၍ အဲဒီအချိန်မှာ အကြောင်းတစ်ခုခုကြောင့် မိခင်ထိတ်လန့်တာမျိုး ၊ ကြောက်ရွံ့တာမျိုးနဲ့အခြားစိတ်ဖိစီးစရာတစ်ခုခုကြုံလိုက်မယ် ဆိုရင် အက်ပီနက်ဖရင်(epinephrine)ဆိုတဲ့ဟိုမုန်းထွက်လာပြန်ပါတယ် ၊ အဲဒီအက်ပီနက်ဖရင်(epinephrine)ဟိုမုန်းကတော့နို့ချပေးစေတဲ့အောက်စီတိုစင်ဟိုမုန်းရဲ့စွမ်းရည်တွေကို တားမြစ်လိုက်ပါတယ် ၊ အဲဒီအခါမှာမိခင်ရဲ့နို့အုံကနေနို့မထွက်နိုင်တော့ပါဘူး။
အဲဒီအခါမှာမိခင်ရဲ့နို့အုံဟာ တင်းနေပြီးဖောင်းကားနေပေမယ့်  နို့တိုင်တွေထဲကို နို့ရည်ကရောက် မလာနိုင်တော့ပါဘူး ၊  
မိခင်ကနို့မထွက်ပေမယ့်လည်း သားငယ်လေးတွေကို စို့မြဲတိုင်းဆက်လက်စို့ခိုင်းနေဖို့က အလွန်အရေးကြီး ပါတယ်။
အကယ်၍နို့ကျလာရင်တော့ မိခင်ကလိုလိုလားလားတိုက်ကျွေးတာများပါတယ်  
ဒီလိုအခြေအနေမျိုးဖြစ်နေတဲ့အခါပြုစုကုသပေးနိုင်ဖို့အတွက် မိခင်ရဲ့နို့တိုင်တွေပွင့်မပွင့် ၊ ပုံမှန်အတိုင်းရှိမရှိ ဆိုတာတွေကိုပထမဦးဆုံးသေသေချာချာစစ်ဆေးကြည့်ရပါမယ်    နို့တိုင်တွေကိုညင်ညင်သာသာနှိပ်နယ်ပေးခြင်းဟာ နို့တိုင်တွေကိုပွင့်လာစေတဲ့အတွက် နို့ထွက်လာဖို့အတွက်အတော်လေးအထောက်အကူပြုပါတယ် ၊ နို့ရည်အနည်းငယ်ထွက်လာရင် 
သားငယ်လေးတွေကိုဆက်လက်စို့စေခြင်းအားဖြင့် နို့ပိုထွက်လာစေနိုင်ပါတယ် ။
မွေးပြီး(၂)ရက်အတွင်းမှာ အောက်စီတိုစင်ဟိုမုန်းကို(၆)နာရီခြားတစ်ကြိမ်ထိုးပေးခြင်းအားဖြင့်လည်း အခြေအနေပိုဆိုးမသွားအောင်ကုစားပေးနိုင်ပါတယ်။
(၂) နို့ဖြစ်ပေါ်မှုမရှိခြင်း (Failure to Produce Enough Milk)
နို့လုံးဝမထွက်ခြင်း(AGALACTIA) ဆိုတာက ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံးမှာ မွေးကာနီးအချိန်အထိမိခင်ရဲ့နို့တိုင်တွေဖွံ့ဖြိုးလာခြင်းမရှိတဲ့အခါမျိုးမှာလည်းဖြစ်တတ်ပါတယ်
မျိုးဗီဇကြောင့်ဖြစ်တာဆိုရင်တော့သားငယ်လေးတွေကိုနို့ရည်အတုကိုသာတိုက်ကျွေးရဖြစ်ပါတယ်
တစ်ခါတစ်ရံ သားပေါက်ကောင်ရေများလွန်းရင်လည်း သားငယ်တွေအားလုံး ၀လင်အောင် မိခင်ကနို့မထွက်ပေးနိုင်တာလည်းရှိပါတယ် ၊ နို့လုံလောက်အောင်မထွက်နိုင်တာက မိခင်အနေနဲ့ လုံလောက်တဲ့ကယ်လို့ရီပမာဏရှိတဲ့အစာကို မစားရတဲ့အခါမျိုးမှာဖြစ်တတ်ပါတယ် အထူးသဖြင့်မွေးပြီး(၂)ပါတ်(၃)ပါတ်အကြာမှာ အာဟာရပြည့်ဝအောင်ကျွေးပေးပြီး ပြုစုစောင့်ရှောက်မှုလည်းပိုမိုဂရုစိုက်ရင် နို့မထွက်တဲ့အဖြစ်မျိုးကနေရှောင်ရှားနိုင်မှာဖြစ်ပါတယ်
အထက်မှာဖော်ပြခဲ့သလိုဆောင်ရွက်ပေးပေမယ့် နို့ထွက်မလာရင်တော့ သားငယ်လေးတွေကို နို့အတုသာပြုလုပ်တိုက်ကျွေးပေးရတော့မှာဖြစ်ပါတယ် (အစားထိုးတိုက်ကျွေးပေးရမယ့် နို့အတုပြုလုပ်တိုက်ကျွေးနည်းအကြောင်းကို သီးခြားတင်ပြပေးသွားမှာဖြစ်ပါတယ်) ။

0 မှတ်ချက်များ to “နို့မထွက်ခြင်း (AGALACTIA) ”

Post a Comment