«««« အထူးသတိပြုပါ »»»»
မိမိချစ်သောခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန် အမြဲသတိပြုပါ. . .

23 Dec 2025

Cushing's ရောဂါ

,

Cushing's ရောဂါကို hyperadrenocorticism လို့လည်းခေါ်ပါတယ်၊ ဒီရောဂါကတော့ သွေးထဲမှာ Cortisol ဟိုမုန်းတွေအရမ်းများလာလို့ဖြစ်ပွားခြင်းဖြစ်ပါတယ် Cushing disease ရောဂါဟာခွေးတွေမှာ အတော်လေးအဖြစ်များတဲ့ရောဂါတစ်ခု ဖြစ်ပါတယ် Miniature Poodles, Dachshunds, Boxers, Boston Terriers နဲ့ Beagles ခွေးအမျိုးအစားတွေမှာပိုပြီးအဖြစ်များတာကိုတွေ့ရပါတယ်၊ဒီရောဂါဖြစ်ပွားတဲ့ခွေးတွေရဲ့ 90% ဟာ ပီကျူထရီဂလင်းမှာအကြိတ်တည်လို့ဖြစ်ပွားတာဖြစ်ပြီး ကျန်တဲ့ 15% ကတော့ ကျောက်ကပ်နားက အက်ဒရီနယ်ဂလင်းမှာအကြိတ်တည်လို့ဖြစ်ပွားတာဖြစ်ပါတယ်။

ဒီရောဂါဟာများသောအားဖြင့် အလယ်အလတ်အသက်အရွယ်ရှိတဲ့ခွေးတွေမှာဖြစ်ပွား လေ့ရှိပြီး ရောဂါဖြစ်လာပြီဆိုရင် ရေကိုခဏခဏသောက်ပြီး ဆီးခဏခဏသွားတတ်တာကနေစတင်လာလေ့ရှိပါတယ် ခွေးဟာအရင်ကနဲ့မတူပဲ အစားအသောက်ကိုအရမ်းစားပြီး ဝဖြိုးလာတတ်ပါတယ် ဒါပေမယ့်အပူဒါဏ်ကိုမခံနိုင်တော့ပဲ မောပန်းလွယ်ပြီး အားမရှိသလိုဖြစ်လာတတ်ပါတယ် ၊ တဖြည်းဖြည်းနဲ့ခန္တာကိုယ်ရဲ့အရေပြားတွေဟာ ပါးလာပြီးအမွှေးတွေကျွတ် လာမှာဖြစ်ပါတယ် ဝမ်းဗိုက်ပိုင်းကအရေပြားတွေကိုသေချာကြည့်ရင် အနက်ရောင်ထူခေါက်ခေါက်အကွက်လေးတွေကိုတွေ့ရရင် ရောဂါကအတော်လေးခရီးရောက်နေပြီဆိုတာသိနိုင်ပါတယ်။

ဒီရောဂါဟုတ်မဟုတ်သေချာသိဖို့အတွက် ဓာတ်ခွဲခန်းစမ်းသပ်မှုတွေလုပ်တဲ့အခါမှာ သွေးအ‌ဖြေတွေက အမြဲတန်းအမှန်ကိုမဖော်ပြတတ်တဲ့ရောဂါဖြစ်တဲ့အတွက်စမ်းသပ်မှုရလာဒ်တွေကိုကြည့်ပြီးအဖြေမှန်ထုတ်နိုင် 

ဖို့အလွန်ခက်ပါတယ်၊ အဖြေမှန်ထုတ်နိုင်ဖို့ဆိုရင်ဆီးစစ်တာနဲ့သွေးစစ်တာကို(၃)လကနေ(၆)လလောက်အထိ လုပ်ကြည့်နေပြီးမှသာ ဒီရောဂါဟုတ်မဟုတ်ခွဲခြားသိရှိနိုင်တာဖြစ်ပါတယ် ဒီရောဂါဖြစ်ကြောင်းသေချာသိရှိပြီးရင်တောင်မှ ပီကျူထရီဂလင်းမှာအကြိတ်တည်လို့ဖြစ်ပွားတာလား အက်ဒရီနယ်ဂလင်းမှာအကြိတ်တည်လို့ဖြစ်ပွားတာလား ခွဲခြားသိရှိနိုင်ဖို့စမ်းသပ်မှုအမျိုးမျိုး ထပ်မံလုပ်ကြည့်ဖို့လိုအပ်ပါသေးတယ်။

အက်ဒရီနယ်ဂလင်းမှာအကြိတ်တည်လို့ဖြစ်ပွားတာလားသိရှိနိုင်ဖို့အတွက်ဝမ်းဗိုက်ကိုဓာတ်မှန်ရိုက်ခြင်းနဲ့ အာလ်ထရာဆောင်းဓာတ်မှန်ရိုက်ခြင်းတို့လုပ်ရမှာဖြစ်ပြီး ပီကျူထရီဂလင်းမှာအကြိတ်တည်လို့ဖြစ်ပွားတာလား သိရှိနိုင်ဖို့အတွက်ဆိုရင် ကွန်ပြူတာဓာတ်မှန် CT scan နဲ့ သံလိုက်ဓာတ်သုံးပုံရိပ်ဖော်စက် Magnetic Resonance Imaging (MRI)နဲ့ဓာတ်မှန်ရိုက်တာတွေကိုလုပ်ကြည့်ရမှာဖြစ်ပါတယ်

ဒီရောဂါ Hyperadrenocorticism ကိုကုသဖို့အတွက် နှစ်ပေါင်းများစွာအသုံးပြုလာတဲ့ ဆေးကတော့ Mitotane စား ဆေးပဲဖြစ်ပါတယ် ဒီဆေးကတော့ ကင်ဆာဆဲလ်တွေကိုသုပ်သင်ပေးတဲ့ဆေးဖြစ်ပြီး အက်ဒရီနယ်ဂလင်းတွေကနေ Cortisol တွေထုတ်လုပ်နေမှုကိုလျှော့ကျစေပြီး ရောဂါကိုသက်သာသွားစေတာဖြစ်ပါတယ်။

Mitotane စားဆေးတိုက်မယ်ဆိုရင် (21 - 69) mg/kg နှုန်းနဲ့တိုက်ကျွေးရမှာဖြစ်ပါတယ်

Mitotane ဆေးကိုတိုက်ပြီးရင် ခွေးရဲ့အက်ဒရီနယ်ဂလင်းတွေကနေ Cortisol တွေထုတ်လုပ်နေမှုကျဆင်းသွား မသွားကို ခွေးရဲ့ပြင်ပလက္ခဏာတွေဖြစ်တဲ့အစားစားနှုန်းလျှော့သွားခြင်း အန်လာတတ်ခြင်းနဲ့ ဝမ်းပျက်လာခြင်းတွေရှိမရှိကြည့်ရုံနဲ့သိနိုင်ပါတယ်

(၇)ရက်လောက်ဆေးကုပြီးရင် ခွေးကိုသွေးပြန်စစ်ကြည့်သင့်ပါတယ် သွေးထဲမှာ Cortisol ပါဝင်မှုကို   ACTH stimulation test နည်းနဲ့ဖြစ်စေ Radio-immunossay နည်းနဲ့ဖြစ်စေ စစ်ဆေးနိုင်ပါတယ် သွေးထဲမှာ Cortisol တွေ များနေသေးရင်တော့ ဆေးကိုဆက်တိုက်ပေးနေရမှာဖြစ်ပါတယ် နည်းသွားပြီဆိုရင်တော့ ဆေးကိုဆက်မတိုက်တော့ပဲ နေနိုင်ပေမယ့် ခွေးကို (၄)လတစ်ကြိမ်လောက်သွေးပြန်စစ်ကြည့်ပြီး အခြေအနေကိုစောင့်ကြည့်နေဖို့လိုအပ်ပါတယ်။

အကယ်၍သွေးစစ်ပြန်ကြည့်တဲ့အခါ Cortisol တွေနည်းမသွားပဲများနေသေးရင် Mitotane ဆေးကို ပမာဏတိုးပြီးတိုက်ကျွေးပေးရမှာဖြစ်ပါတယ် ၊ Mitotane ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေအဖြစ် အစားအသောက်မစားတော့ခြင်း၊ ဒယီးဒယိုင်ဖြစ်ခြင်း၊ အားကုန်အားပြတ်ဖြစ်ခြင်းနဲ့ အန်ခြင်းစတာတွေဖြစ်တတ်တဲ့အတွက် တစ်နေ့လုံးအတွက်တိုက်ရမယ့် mitotane ဆေးပမာဏကို နှစ်ကြိမ်(သို့)သုံးကြိမ်ခွဲပြီးတိုက်ကျွေးပေးခြင်း အားဖြင့် ဆေးရဲ့ဘေးထွက်ဆိုးကျိုးကို အနည်းဆုံးဖြစ်အောင်ရှောင်ရှားနိုင်ပါတယ်။

အခုနောက်ဆုံးလေ့လာတွေ့ရှိချက်အရ ပီကျူထရီဂလင်းမှာအကြိတ်တည်လို့ဖြစ်လာရတဲ့ Cushing Disease  ရောဂါကို Trilostane ဆေးနဲ့ထိထိရောက်ရောက်ကုသနိုင်ပြီးဘေးထွက်ဆိုးကျိုးလည်းနည်းတယ်လို့ဆိုပါတယ်။

ဒီရောဂါကိုကုသတဲ့အခြားကုထုံးတစ်ခုကတော့ဓာတ်ကင်ပေးတဲ့နည်းဖြစ်ပါတယ် ဓာတ်ကင်ပေးခြင်းဟာလည်း အလွန်ထိရောက်ပြီးဘေးထွက်ဆိုးကျိုးနည်းတယ်လို့ ဆိုပါတယ် ဒါပေမယ့် ဓာတ်ကင်ပေးပြီးရင်လည်း (၁-၂)လောက်ဆေးဆက်ထိုးဖို့ တော့လိုအပ်ပါတယ်။

အက်ဒရီနယ်ဂလင်းမှာအကြိတ်တည်လို့ဖြစ်လာရတဲ့ Cushing Disease  ရောဂါဆိုရင်တော့ဆေးနဲ့ကုသနိုင်ဖို့ မလွယ်တဲ့အတွက် အက်ဒရီနယ်ဂလင်းနှစ်ခုအနက် တစ်ခုကိုခွဲစိပ်ပြီးဖြတ်ထုတ်ပစ်ဖို့လိုအပ်ပါတယ်။

ပီကျူထရီဂလင်းမှာအကြိတ်တည်လို့ဖြစ်လာရတဲ့ Cushing Disease  ရောဂါဆိုရင် (၂-၅)နှစ်လောက် ဆက်လက်အသက်ရှင်နိုင်ပြီး အက်ဒရီနယ်ဂလင်းမှာအကြိတ်တည်လို့ ဖြစ်လာရတဲ့ Cushing Disease  ရောဂါဆိုရင်တော့ (၁၈)လလောက်သာ ဆက်လက်အသက်ရှင်နိုင်မှာဖြစ်ပါတယ်။

0 မှတ်ချက်များ to “Cushing's ရောဂါ”

Post a Comment