«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

30 Aug 2017

ကြောင်တွေရဲ့ကျောက်ကပ်ကိုစမ်းသပ်ခြင်း

,
ဆေးကုသပေးဖို့အတွက်ကြောင်တွေကိုစမ်းသပ်စစ်ဆေးမှုများစွာအနက် လိုအပ်တဲ့အခါ သူတို့ရဲ့ကျောက်ကပ်တွေကိုလည်း စစ်ဆေးရလေ့ရှိပါတယ် ၊ ကြောင်တွေရဲ့ကျောက်ကပ်(၂)လုံးဟာ သူတို့ရဲ့နောက်ဆုံးနံရိုးအောက်နားမှာတည်ရှိနေတတ်ပြီး ကျောရိုးနဲ့ကပ်လျှက်တည်ရှိနေတာဖြစ်ပါတယ် ၊ လက်ယာဖက်ကျောက်ကပ်ဟာ လက်ဝဲဖက်ကျောက်ကပ်နဲ့ယှဉ်ရင် ဦးခေါင်းဖက်ကိုအနည်းငယ်ရောက် နေလေ့ရှိပါတယ် ၊ ကြောင်တွေရဲ့ကျောက်ကပ်(၂)လုံးတည်းရှိပုံဟာ တစ်ဖက်နဲ့တစ်ဖက်မတူပါဘူး ၊ လက်ယာဖက်ကျောက်ကပ်ဟာ မရွေ့လျှားပဲတစ်နေရာတည်းမှာစွဲစွဲမြဲမြဲရှိနေပြီး လက်ဝဲဖက်ကျောက်ကပ် ကတော့ နေရာရွှေ့ပြောင်းနိုင်တဲ့အနေအထားရှိပါတယ် ၊ ကျောက်ကပ်(၂)လုံးရဲ့အနေအထားကို စစ်ဆေးကြည့်ခြင်းအားဖြင့် ဆီးလမ်းကြောင်းဆိုင်ရာရောဂါ ဟုတ်မဟုတ်ကို အကြမ်းအားဖြင့် ခန့်မှန်းသိရှိနိုင်ပါတယ် ၊ ဒီလိုစမ်းသပ်တဲ့အခါ ကျောက်ကပ်(၂)လုံးရဲ့ ပုံသဏ္ဍာန်၊ အရွယ်အစား၊ အပျော့အမာအနေအထားနဲ့ မျက်နှာပြင်ပေါ်မှာပြောင်းလဲမှုတွေရှိမရှိ စသည်အားဖြင့်သေချာစွာစမ်းသပ်ရ တာဖြစ်ပါတယ် ၊ စမ်းသပ်တဲ့အခါ ပုံထဲမှာပြထားသလိုလက်တစ်ဖက်က ကြောင်ရဲ့ရင်ဘတ်ပိုင်းနေရာကို ကိုင်တွယ်ပြီး ၊ ခန္တာကိုယ်ရှေ့ပိုင်းကို အပေါ်ဖက်ရောက်အောင် မတင်ထားရပါတယ် ၊
ကြောင်ရဲ့နောက်ဆုံးနံရိုးအောက်နားလောက်မှာရှိနေတဲ့ကျောက်ကပ်(၂)လုံးကို ကျန်တဲ့လက်တစ်ဖက်နဲ့ ညင်ညင်သာသာကိုင်တွယ်စမ်းသပ်ရတာဖြစ်ပါတယ် ၊ ကျောက်ကပ်တွေဟာ ရှိသင့်တဲ့အရွယ်အစားထက် ကြီးမားနေပြီး ကိုင်တွယ်စမ်းသပ်ချိန်မှာနာကျင်မှုကိုဖြစ်ပေါ်စေရင်တော့ ပြင်းထန်တဲ့ကျောက်ကပ်ပျက်ရောဂါ (Acute Renal Failure)လို့ ခန့်မှန်းသိရှိနိုင်ပါတယ် ၊ ကျောက်ကပ်တွေဟာ ရှိသင့်တဲ့အရွယ်အစားလောက် ရှိမနေပဲ သေးငယ်နေရင်တော့ နာတာရှည်ကျောက်ကပ်ဆောင်ရွက်မှုပျက်တဲ့ရောဂါ(Chronic Renal Failure)လို့ ခန့်မှန်းသိရှိနိုင်ပါတယ် ၊ တိရစ္ဆာန်ရောဂါကုဆရာဝန်တစ်ယောက်အနေနဲ့ ရောဂါကိုခန့်မှန်း ဖော်ထုတ်တဲ့အခါမှာ ဒီလိုစမ်းသပ်မှုမျိုးအပြင် ရောဂါဝေဒနာခံစားမှုရာဇ၀င်နဲ့ အခြားစမ်းသပ်တွေရှိချက် များစွာအပေါ်မှာ အခြေခံပြီးဆုံးဖြတ်ရတာဖြစ်ပါတယ် ။

0 မှတ်ချက်များ to “ကြောင်တွေရဲ့ကျောက်ကပ်ကိုစမ်းသပ်ခြင်း”

Post a Comment