«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

11 Aug 2020

ကြာပွတ်သန်ကောင် (Whipworm in dogs)

,
ခွေးတွေမှာစွဲကပ်လေ့ရှီတဲ့ကြာပွတ်ပုံသန်ကောင်ကို Trichuris vulpis လို့ခေါ်ပါတယ် ခွေးတွေကိုကူးစက်ခံလာရတာကတော့  အဲဒီသန်ကောင်ရဲ့ဉတွေပါနေတဲ့အစားအသောက်တွေကိုစားမိလို့ကူးစက်ခံရတာဖြစ်ပါတယ် အူထဲကိုရောက်လာတဲ့အခါ သန်ကောင်ဉတွေဟာ အကောင်အဖြစ်ပေါက်ပွားလာကြပါတယ် ဉကပေါက်လာပြီး ရက်သတ္တ(၁၁)ပါတ်ကြာတဲ့အခါ သန်ကောင်လေးတွေဟာ အကောင်ကြီးဘဝကိုရောက်လာကြပြီးတော့ ခွေးရဲ့အူမကြီးနဲ့ အူအတက်တွေထဲကနေရာတွေမှာသွားရောက်နေထိုင်လေ့ရှိကြပါတယ်

ကြာပွတ်သန်ကောင်များအား အဏုကြည့်မှန်ပြောင်းအောက်တွင်တွေ့မြင်ရပုံ
ကြာပွတ်သန်ကောင်များအား ကမ္ဘာအနှံ့ကနိုင်ငံတိုင်းလိုလိုမှာတွေ့ရပြီး မြန်မာနိုင်ငံမှာလည်းအဖြစ်များတဲ့သန်ကောင်ရောဂါတစ်မျိုးဖြစ်ပါတယ်ဒီသန်ကောင်စွဲကပ်တဲ့ရောဂါဟာခွေးတွေမှာပဲဖြစ်ပွားတတ်ပြီး ခွေးတွေကနေ လူဆီကိုတော့ကူးစက်လေ့မရှိပါဘူး

ခွေးတွေမှာစွဲကပ်တဲ့အခါ အကောင်ရေနည်းနည်းပါးပါးပဲစွဲကပ်နေရင်တော့ ဘာရောဂါလက္ခဏာမှပြသလေ့မရှိပါဘူး ဒါပေမယ့်စွဲကပ်နေတဲ့ သန်ကောင်အရေအတွက်ဟာများလာရင်တော့ ခွေးဟာပထမဦးဆုံးဝမ်းပျက်ဝမ်းလျှောဖြစ်လာလေ့ရှိပါတယ် အဲဒီဝမ်းကိုသေသေချာချာစစ်ဆေးကြည့်ရင် အကျိအချွဲတွေပါနေတတ်ပြီး တခါတရံမှာတော့လပ်ဆတ်တဲ့သွေးစိမ်းတွေပါလာတတ်တာကို တွေ့နိုင်ပါတယ်

အဲဒီလိုနဲ့ကြာလာရင် ခွေးဟာသွေးအားနည်းလာပြီးမှိုင်တွေလာတတ်ပါတယ် နောက်ပိုင်းမှာတဖြည်းဖြည်းပိန်ချုံးလာပြီး ရံဖန်ရံခါ ဗိုက်နာတတ်တဲ့အတွက်လူးလှိမ့်နေတာမျိုးလည်းတွေ့ရတတ်ပါတယ်
ကြာပွတ်သန်ကောင်စွဲကပ်နေကြောင်းသံသယရှိလာရင်တော့ ခွေးရဲ့လပ်လပ်ဆတ်ဆတ်မစင်ကိုရယူပြီး သိပ်သည်းဆ(၁.၂၅)ရှိတဲ့သကြားရည်နဲ့ ဖျော်ရပါတယ်

အနည်ထိုင်သွားတဲ့အခါ အပေါ်ယံအရည်ကြည်ကိုမှန်ပြားပေါ်တင်ပြီး အဏုကြည့်မှန်ပြောင်းအောက်မှာရှာဖွေစစ်ဆေးကြည့်ရပါတယ်  ခွေးမှာကြာပွတ်သန်ကောင်တွေစွဲကပ်နေရင်တော့ ကြာပွတ်ပုံသန်ကောင်ဉတွေနဲ့ ကြာပွတ်ပုံသန်ကောင်တွေကို တွေ့မြင်ရမှာဖြစ်ပါတယ်
ရောဂါရှိနေကြောင်းအတည်ပြုနိုင်ပြီဆိုရင်တော့ ဒီသန်ကောင်တွေကိုဖယ်ရှားရှင်းထုတ်ပစ်ဖို့အတွက် Fenbendazole သန်ချဆေးကို ခွေးရဲ့ခန္တာကိုယ်အလေးချိန်(၁)ကီလိုရှိလေတိုင်း (၅၀)မီလီဂရမ်နှုန်းနဲ့ နေ့စဉ်(၃)ရက်တိတိတိုက်ကျွေးပေးရမှာဖြစ်ပါတယ်
နောက်တစ်နည်းကတော့ ခေတ်မီ Ivermectin ဆေးနဲ့ကုသတဲ့နည်းဖြစ်ပါတယ် Ivermectin ဆေးတိုက်တဲ့အခါ ခွေးရဲ့ခန္တာကိုယ် အလေးချိန်(၁)ကီလိုရှိလေတိုင်း (၀.၂၀)မီလီဂရမ်းနှုန်းနဲ့ တစ်ကြိမ်တည်းသာတိုက်ကျွေးပေးရန်လိုအပ်ပါတယ်

ခွေးကိုသန်ချဆေးတိုက်ကျွေးပြီးတဲ့အခါတိုင်း နောက်ရက်တွေမှာဓာတ်ဆားရည်ကိုနေ့စဉ်တိုက်ကျွေးပေးသင့်ပါတယ်
သန်ကောင်ရောဂါတွေနဲ့ပတ်သက်ပြီး သတိပြုသင့်တဲ့အချက်ကတော့ သန်ချဆေးအများစုဟာ အရွယ်ရောက်ပြီးတဲ့သန်ကောင်တွေကိုသာ သုပ်သင်ဖယ်ရှားနိုင်တယ်ဆိုတဲ့အချက်ဖြစ်ပါတယ် ဒါကြောင့်မို့ သန်ချဆေးတိုက်ကျွေးလိုက်တဲ့အခါ သန်ကောင်တွေအားလုံးကုန်စင်သွားတာ မဟုတ်ပဲ သန်ကောင်ပေါက်ကလေးတွေနဲ့ သန်ကောင်ဉတွေဟာ ဘာထိခိုက်မှုမှမရှိပဲကျန်နေလေ့ရှိပါတယ်   သန်ချပြီးတဲ့နောက်(၃)လမြောက်တဲ့အချိန်မှာဆိုရင် အဲဒီ သန်ကောင်ပေါက်ကလေးတွေနဲ့ သန်ကောင်ဉတွေဟာ အရွယ်ရောက်သန်ကောင်ကြီး ဘဝကိုရောက်ရှိလာကြမှာဖြစ်ပါတယ်

ကြာပွတ်ပုံသန်ကောင်၏ဉအား အဏုကြည့်မှန်ပြောင်းအောက်တွင်တွေ့မြင်ရပုံ

အဲဒီသန်ကောင်တွေကိုလည်းထပ်မံဖယ်ရှားဖို့လိုအပ်မှာဖြစ်ပါတယ် ဒါကြောင်မို့ပထမအကြိမ်သန်ချပြီးတဲ့နောက် (၃)လမြောက်တဲ့အခါ သန်ချဆေးကို အထက်မှာရှင်းပြခဲ့တဲ့အတိုင်း နောက်တစ်ကြိမ်ထပ်မံတိုက်ကျွေပေးဖို့လိုအပ်ပါကြောင်းတင်ပြလိုက်ပါတယ် ။

ဤအကြောင်းအရာကို Download ရယူလိုပါက ခလုပ်ကိုနှိပ်ပါ ==>>

“ဧရာ”တိရစ္ဆာန်ရောဂါကုဆေးခန်း(နေပြည်တော်)

0 မှတ်ချက်များ to “ကြာပွတ်သန်ကောင် (Whipworm in dogs)”

Post a Comment