«««« အထူးသတိပြုပါ »»»»
မိမိချစ်သောခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန် အမြဲသတိပြုပါ. . .

13 Jun 2025

ကြောင်များတွင်ဖြစ်ပွားသော အကွက်လိုက်အမွေးကျွတ်ရောဂါ (Alopecia areata)

,

သင့်အိမ်မှာမွေးထားတဲ့ ကြောင်လေးတွေရဲ့ခန္တာကိုယ်မှာ အမွေးတွေအကွက်လိုက်ကျွတ်ပြီး ပြောင်နေတာကိုကြုံဖူးတတ်ကြပါလိမ့်မယ်၊ အဲဒီလိုဖြစ်တာကို ဆေးပညာအရ Alopecia Areata လို့ခေါ်ပါတယ်၊ Alopecia ဆိုတာက အမွှေးကျွတ်ခြင်းကိုပြောတာဖြစ်ပြီး Areata ဆိုတာက ဧရိယာအလိုက်နေရာကွက်ပြီးဖြစ်တာကိုဆိုလိုတာပါ၊ Alopecia Areata ဆိုတော့ နေရာကွက်ပြီးအမွှေးကျွတ်တဲ့ရောဂါလို့ဆိုလိုတာဖြစ်ပါတယ်။

အဲဒီလိုဖြစ်လာရခြင်းရဲ့အကြောင်းရင်းကတော့ အများအားဖြင့် အဲဒီကြောင်ရဲ့ကိုယ်ခံအားစနစ်က သူ့ရဲ့ကိုယ်‌ခန္တာပေါ်ကအမွှေးအိတ်‌တွေကို ရန်သူထင်ပြီးတိုက်ခိုက်တဲ့အတွက်ကြောင့် အမွေးတွေကျွတ်လာခြင်းဖြစ်ပါတယ်။

ကြောင်ရဲ့မျိုးရိုး‌ကြောင့်ဖြစ်တာမျိုးလည်းရှိပါတယ်

တရုတ်နိုင်ငံမျိုးရင်းဖြစ်တဲ့(Siamese) ကြောင်မျိုးတွေနဲ့ ဟိမဝန္တာဒေသမျိုးရင်း (Himalayan) ကြောင်မျိုးတွေမှာ အကြောင်းမဲ့အမွေးတွေကျွတ်လာတတ်ပါတယ်။

တစ်ချို့ပညာရှင်တွေကတော့ ကြောင်မှာစိတ်ဖိစီးမှုများရင် ခန္တာကိုယ်ထဲမှာရှိနေတဲ့ ဟော်မုန်းဓါတ်တွေ အချိုးအစားမညီဖြစ်လာပြီး အမွေးတွေကျွတ်လာတတ်တယ်လို့ဆိုပါတယ်။

အဲဒီလိုအခြေအနေမျိုးက အိမ်အသစ်ကိုပြောင်း‌ရွှေ့ရတဲ့အခါမျိုးနဲ့ သခင်အသစ်နဲ့ ပြောင်းပြီး နေရတဲ့အခါမျိုးမှာ တွေ့ရတတ်ပါတယ်၊ ကြောင်မှာစိတ်ဖိစီးမှုမြင့်တက်လာလို့ဖြစ်ပါတယ်၊ ကြောင်ကလေးစိတ်ညစ်လိုဖြစ်တဲ့ အမွှေးကျွတ်ခြင်းလို့ဆိုနိုင်ပါတယ်။

အမွေးကျွတ်တဲ့အခါ များသောအားဖြင့် ဦးခေါင်း၊ နားရွက်၊ ခြေထောက်တွေကအမွှေးတွေ ကျွတ်တာများပါတယ်၊

အမွေးကျွတ်တဲ့နေရာက အရေပြားဟာညိုမည်းနေတတ်ပြီး ယားယံတတ်ပါတယ်၊

အဲဒီနေရာ‌တွေက အမွေး တွေပြန်ပေါက်လာဖို့က အလွန်နှေးပြီး လပေါင်းများစွာအထိကြာတတ်တဲ့အတွက်ကြောင့် ကြည့်ရတာအလွန်အရုပ်ဆိုးပါတယ်။

ဒီလိုကြောင်လေးတွေဆေးခန်းရောက်လာတဲ့အခါ အရေပြားကိုခြစ်ယူပြီး (Skin scraping) အဏုကြည့်မှန်အောက်မှာစစ်ဆေးကြည့်ရပါတယ်၊ အရေပြားမှာစွဲကပ်တဲ့မှိုတွေ(သို့မဟုတ်) ကပ်ပါး‌ကောင်တွေကြောင့်ဖြစ်တာလားခွဲခြားသိနိုင်ဖို့စစ်ဆေးတာပါ။

ကိုယ်ခံအားစနစ်ကြောင့်ဖြစ်တာလား ဒါမှမဟုတ် ဟော်မုန်းတွေအချိုးအစားမညီလို့ဖြစ်တာလားခွဲခြားသိနိုင်ဖို့ဆိုရင်တော့ သွေး ဖောက်ယူပြီး ဓါတ်ခွဲခန်းကို‌ပေးပို့စစ် ဆေးရပါတယ်။

ဒီလိုဖြစ်နေတဲ့ကြောင်လေးတွေကို ကုသတဲ့အခါ ကိုယ်ခံစွမ်းအားစနစ်ကိုထိမ်းပေးနိုင်တဲ့ဆေးတွေ စတီးရွိုက်ဆေးတွေနဲ့ကုသပေးရပါတယ်၊ ယားယံမှုကိုသက်သာစေမယ့် Tacrolimus လိမ်းဆေးကို လိမ်းပေးစေရပါတယ်၊

အာဟာရဖြည့်စွက်စာအဖြစ် အိုမီဂါ-3 ပါဝင်တဲ့အားဆေးကိုတိုက်ရပါတယ်၊ အမွေးတွေအမြန်ပြန်ပေါက်လာစေဖို့ဆိုရင် ဗီတာမင် B7 ပါဝင်တဲ့အားဆေးတွေတိုက်နိုင်ပါတယ်၊

ဒါ့အပြင် ကြောင်မှာစိတ်ဖိစီးမှုမရှိဖို့ လိုအပ်တဲ့အပြင် နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုမရှိအောင်လည်းထားသင့်ပါတယ်။

Alopecia areata ရောဂါဟာ ကြောင်ရဲ့ကျန်းမာရေးကို ကြီးမားစွာမထိခိုက်နိုင်ပေမယ့် သေချာကုသမှုမလုပ်ရင်တော့ အမွှေးတွေပြန်ပေါက်လာဖို့ကြာနေတတ်ပါတယ်၊ အခြေအနေဆိုရင်အရေပြားပိုးဝင်ပြီး အနာဖြစ်လာတာမျိုးတွေ ကြုံရနိုင်ပါတယ်။

နီးစပ်ရာတိရစ္ဆာန် ရောဂါကုဆေးခန်းမှာ ပြသပြီးကုသမှုခံယူ‌စေသင့်ပါတယ်။


0 မှတ်ချက်များ to “ကြောင်များတွင်ဖြစ်ပွားသော အကွက်လိုက်အမွေးကျွတ်ရောဂါ (Alopecia areata)”

Post a Comment