«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

28 May 2018

အားနည်းပိန်ချုံးရောဂါ (leishmaniosis)

,
ခွေးတွေမှာဖြစ်ပွားတဲ့ လစ်ရှမန်းရောဂါဟာ L. infantum ဆိုတဲ့ ပိုးကြောင့်ဖြစ်ပွားတာဖြစ်ပြီး လူကိုလည်း ကူးစက်တတ်တဲ့ရောဂါတစ်ခုဖြစ်ပါတယ် ၊ မြန်မာနိုင်ငံမှာလည်း ဒီရောဂါအဖြစ်များပါတယ်  Rottweiler နဲ့  German shepherd(GSD)  ခွေးမျိုးတွေမှာ ဒီရောဂါပိုအဖြစ်များတာတွေ့ရပါတယ် ဒါပေမယ့်ရောဂါပိုးရှိနေတဲ့ခွေးအများစုဟာ ရောဂါလက္ခဏာမပြပဲ ငုတ်နေတတ်ပြီး အချို့ခွေး အနည်းအကျဉ်းသာ ရောဂါလက္ခဏာတွေပြသလာတတ်တာဖြစ်ပါတယ် ရောဂါကူးစက်ပုံတွေကတော့ ရောဂါရှိတဲ့ခွေးထီးနဲ့မိတ်လိုက်လို့ ခွေးမဆီကိုရောဂါကူးစက်ခြင်း မိခင်ခွေးမကြီးကနေ ခွေးသားငယ်လေး တွေဆီကိုကူးစက်ခြင်း ရောဂါရှိတဲ့ခွေးရဲ့ သွေးကိုသွင်းမိလို့ ကူးစက်ခြင်းနဲ့ ရောဂါရှိတဲ့ခွေးကို ကိုက်ထားတဲ့ခြင်အကိုက်ခံရလို့ကူးစက်ခြင်းစတာတွေဖြစ်ပါတယ်။
ဒီရောဂါပိုးဝင်ရောက်ခံရတဲ့ခွေးဟာ အစားအသောက်ပျက်လာပြီး တဖြည်းဖြည်းနဲ့ပိန်ချုံးလာတတ် ပါတယ် ၊ လှုပ်လှုပ်ရှားရှားသိပ်မလုပ်နိုင်ဖြစ်လာပါတယ် ၊ မျက်စေ့နာပြီးတိမ်စွဲလာတတ်ပါတယ် ၊
အရေပြားမှာလည်း အနာတွေဖြစ်တတ်ပါသေးတယ် ၊ မကြာခဏအန်ပြီး ၀မ်းလျှောလာတတ်ပါတယ် ၊ နားရွက်မျက်နှာပိုင်း နဲ့  ခြေလက်နေရာတွေကအရေပြားတွေအကွက်လိုက်ယောင်ရမ်းလာတဲ့အပြင် အမွှေးတွေ ကျွတ်ပြီးပြောင်နေတတ်ပါတယ် ၊ အရိုးနဲ့ကပ်နေတဲ့ အရေပြားနေရာတွေနဲ့ ခြေဖ၀ါးနေရာ တွေမှာ အနာတွေဖြစ်လာတတ်ပါတယ်။
ခွေးဟာ ဆီးခဏခဏသွားတတ်ပြီး ခြေလက်တွေအားပျော့လာတဲ့အတွက် ခွေယိုင်ယိုင်ဖြစ်နေတတ် ပါတယ် ။ အာလ်ထရာဆောင်းဓါတ်မှန်ရိုက်ကြည့်ရင်တော့ မူလထက်အတော်လေးကြီးမားနေတဲ့ သရက်ရွက်ကို တွေ့မြင်နိုင်ပါတယ် ဒီရောဂါရှိနေတဲ့ခွေးထီးတစ်ကောင်ဟာ ရောဂါမပြင်းထန်လို့ ပုံမှန်အနေအထားရှိနေရင်တောင်မှ သုက်ရည်ကောင်းကောင်းမထွက်နိုင်တော့တဲ့အတွက် မျိုးပွားနိုင်မှုအလွန်နည်းပါတယ် ၊ ဒီရောဂါပိုးဟာ ကိုယ်တွင်းအင်္ဂါတွေဆီရောက်ပြီး ဒုက္ခပေးလာချိန် မှာတော့ တစ်ကိုယ်လုံးမှာရှိတဲ့ ကြွက်သားတွေ ကြုံလှီလာပြီး သိသိသာသာ ပိန်ချုံးလာတတ်ပါတယ် တခါတရံမှာ နှာခေါင်းအတွင်းပိုင်းနံရံ ၊ အစာအိမ်နံရံနဲ့ အူတွေမှာ အနာတွေဖြစ်တတ်ပါတယ်။
အဲလိုဖြစ်တဲ့ခွေးတွေမှာတော့ နှာခေါင်းသွေးယိုတာကိုတွေ့ရတတ်ပါတယ်

ကိုယ်တွင်းအင်္ဂါတွေဆီကို လစ်ရှမန်းရောဂါပိုးရောက်လို့ ပိန်ချုံးနေတဲ့ခွေးကို အခုလိုမြင်တွေ့ နိုင်ပါတယ်
လစ်ရှမန်းရောဂါခံစားနေရတဲ့ခွေးရဲ့ နားရွက်နဲ့မျက်နှာပိုင်းက အရေပြားဟာ အကွက်လိုက် ယောင်ရမ်းနေ တာကိုတွေ့နိုင်ပါတယ်
ဒီရောဂါဟုတ်မဟုတ်သိနိုင်ဖို့အတွက် ဓါတ်ခွဲခန်းစစ်ဆေးတဲ့နည်းပေါင်းများစွာရှိပါတယ် ၊ ခွေးရဲ့သွေးကို ဖောက်ယူပြီး အလွယ်တကူစစ်ဆေးနိုင်တဲ့ဆေးရည်ပါတဲ့စမ်းသပ်ကိရိယာတွေ လည်း ရှိပါတယ်
ဒီရောဂါကိုကုသမယ်ဆိုရင် meglumine antimoniate ဆေးနဲ့ allopurinol ဆေးကိုတွဲပြီး (၄-၈)ပတ် တိုက်ကျွေးရပါတယ် အဲဒီနောက် allopurinol ဆေးတစ်မျိုးတည်းကို (၆)လလောက် ဆက်လက်တိုက်ကျွေးပေးဖို့လိုအပ်ပါတယ်ပရိုတိုဇွားရောဂါပိုးတွေကိုသုပ်သင်ရာမှာအသုံးပြုတဲ့ Amphotericin B ထိုးဆေးကိုလည်း ဒီရောဂါမှာ အသုံးပြုနိုင်ပါတယ် ၊ ဒါပေမယ့် Amphotericin B ဆေးဟာကျောက်ကပ်ကို ထိခိုက်နိုင်တဲ့အတွက် သတိနဲ့ အသုံးပြုရမှာဖြစ်ပါတယ်။

0 မှတ်ချက်များ to “အားနည်းပိန်ချုံးရောဂါ (leishmaniosis)”

Post a Comment