«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

5 Dec 2021

ဂျာမန်ရှက်(ပ)ဟတ်ခွေးများအားသားဖောက်ခြင်း

,

ဂျာမန်ရှက်(ပ)ဟတ်လို့ခေါ်တဲ့ (GSD)ခွေးတွေဟာ ဉာဏ်ရည်မြင့်မားတဲ့အတွက် သင်ကြားရတာလွယ်ကူတဲ့အပြင် သစ္စာရှိမှုနဲ့အတူ အခြေအနေပေါ်မူတည်ပြီး မယုံနိုင်စရာကောင်းအောင် သခင်ကိုစောင့်ရှောက်ပေးတတ်ကြတဲ့အတွက် ကမ္ဘာမှာလူကြိုက်အများ ဆုံးခွေးတွေဖြစ်ပါတယ်၊(GSD)ခွေးတစ်ကောင်ရဲ့တန်ဖိုးဟာစျေးကြီးပြီး သားပေါက်ကိုလိုချင်တိုင်းမရနိုင်တဲ့အတွက် (GSD)ခွေးတွေကိုသားဖောက်တဲ့အခါအခြား ခွေးမျိုးတွေလောက်မလွယ်ကူပဲ၊အတွေ့အကြုံများစွာလိုအပ်ပြီးခက်အခဲတွေလည်းအများကြီးကြုံတွေ့ရနိုင်ပါတယ် 

(GSD)ခွေးအမတွေဟာအသက်(၂)နှစ်သားခန့်မှာသားတင်ပေးနိုင်တဲ့အရွယ်ကိုရောက်တတ်ကြပါတယ် ဒါပေမယ့် ပထမဦးဆုံးမြိုင်ပေါ်ချိန်နဲ့ ဒုတိယမြောက်မြိုင်ပေါ်ချိန်တွေမှာ သားတင်ပေးတာကိုမလုပ်သင့်ပါဘူး ဘာဖြစ်လို့လဲဆိုတော့အဲဒီအချိန်တွေမှာ ခွေးမဟာ အရွယ်ရောက်နေပြီလို့ဆိုပေမယ့် သူ့ရဲ့မျိုးပွားအင်္ဂါတွေဟာ ကိုယ်ဝန်ဆောင်နိုင်ဖို့အထိ ကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့အတွက် သားတင် ပေးလိုက်ရင် ခွေးမကိုယ်တိုင်ရဲ့ကျန်းမာရေးကိုလည်းထိခိုက်လာနိုင်သလို သားငယ်လေးတွေရဲ့ ဖွံ့ဖြိုးမှုကိုလည်းအကောင်းဆုံးဖြစ်အောင် ထောက်ပံ့ပေးနိုင်ခြင်းမရှိသေးလို့ဖြစ်ပါတယ်

(GSD)ခွေးအမတွေရဲ့မျိုးပွားမှုဆိုင်ရာဖြစ်စဉ်တွေဟာ(GSD)ခွေးအထီးတွေလိုမဟုတ်ပဲ အလွန်သိမ်မွေ့ပြီး ရှုပ်ရှုပ်ထွေးထွေးရှိတတ်တာကိုသိထားသင့်ပါတယ် ၊ (GSD)ခွေးအမတွေရဲ့မြိုင်သံသရာ“Heat Cycle” ဟာအသက်(၆)လအရွယ်လောက်ကတည်းကစတင်နေပေမယ့် သားတင်ပေးလို့မရသေးပါဘူး (GSD)ခွေး သားဖောက်တဲ့အခါ အကောင်းဆုံးရလာဒ်ရနိုင်ဖို့ဆိုရင် ခွေးမရဲ့အသက်(၂)နှစ်အရွယ် ရောက်မှသာ သားတင်ပေးသင့်ပြီး အသက်(၈)နှစ်ကျော်သွားရင် သားတင်ပေးတာမျိုးမလုပ်သင့်တော့ပါဘူး 

(GSD)ခွေးမတစ်ကောင်သားပေါက်ပြီးလို့ မြိုင်ပြန်ပေါ်လာတိုင်း တစ်သားပြီးတစ်သား အဆက်မပြတ် သားတင်ပေးနေခြင်းဟာ ခွေးမကိုယ်တိုင်ရဲ့ကျန်းမာရေးကိုထိခိုက်စေနိုင်သလိုအကောင်းဆုံးသားပေါက်တွေကို ရရှိနိုင်မှာလည်းမဟုတ်ပါဘူး၊ ခွေးမဟာ အသက်အရွယ်ရလာတာနဲ့အမျှ အရည်အသွေးပြည့်ဝတဲ့ မျိုးဥတွေကို မထုတ်လုပ်နိုင်တော့တဲ့အပြင် ဇီးဆောင်နိုင်မှုစွမ်းရည်လည်းကျဆင်းသွားလေ့ရှိပါတယ်၊ ခွေးမအသက်ကြီးလာလေလေ ကလေးအသေမွေးနှုန်းနဲ့သားပျက်ကျနှုန်း များလာလေလေဖြစ်ပါတယ်

(GSD)ခွေးအထီးတွေကတော့ မျိုးပွားမှုကိစ္စမှာခွေးမတွေလောက် ရှုပ်ရှုပ်ထွေးထွေးမရှိလှပါဘူး(GSD)ခွေးအထီးတွေဟာလည်း ခွေးမတွေလိုပဲ အသက်(၂)နှစ်သားခန့်မှာစတင်သားလိုက်နိုင်ကြပါတယ် ၊ ခွေးအထီးတွေဟာပုံမှန်အားဖြင့်အသက်(၂)နှစ်သားအရွယ်ကနေ(၁၀)နှစ်သားအရွယ်အထိ ကောင်းမွန်စွာ သားလိုက်ပေးနိုင် ကြပါတယ်၊ အသက်(၁၀)နှစ်ကကျော်လာရင်တော့ သူတို့ရဲ့သုက်ပိုးအရည်အချင်း တွေကျဆင်းလာလေ့ရှိတဲ့အတွက် သားလိုက်ဖို့အတွက်အသုံးမပြုသင့်တော့ပါဘူး၊ အသက်(၂)နှစ်သား အရွယ် ကနေ(၁၀)နှစ်သားအရွယ်အထိသားလိုက်ဖို့အသုံးပြုနိုင်တယ်ဆိုပေမယ့် အဲဒီကာလအတွင်းမှာလည်း  အကြောင်းမျိုးစုံကြောင့်သုက်ပိုးအရည်အချင်းကျဆင်းသွားတာမျိုးတွေဖြစ်တတ်တဲ့အတွက်သားလိုက်ခွေးထီး ရဲ့သုက်ရည်ကိုပုံမှန်စစ်ဆေးမှုတွေ မပြတ်လုပ်နေသင့်ပါတယ်

ခွေးထီးနဲ့ခွေးမရဲ့အသက်အရွယ်ကြောင့်သားပေါက်ငယ်လေးတွေအပေါ်သက်ရောက်မှုတွေအများကြီးရှိတဲ့ အတွက်ကြောင့် ခွေးကိုသားတင်ပေးတဲ့အခါမှာ အရည်အသွေးကောင်းမွန်ပြီးကျန်းမာတဲ့သားပေါက်ငယ်လေး တွေရရှိလာနိုင်ဖို့အတွက် ခွေးထီးနဲ့ခွေးမကိုရွေးချယ်ရာမှာ အသက်အရွယ်ကိုဂရုစိုက်ဖို့အရေးကြီးပါတယ် ခွေးထီးဖြစ်စေ ခွေးမကဖြစ်စေသားဖောက်ဖို့အကောင်းဆုံးအရွယ်အဖြစ်သတ်မှတ်ထားတဲ့အရွယ်ထက်အသက် ငယ်နေရင်ဖြစ်စေကြီးနေရင်ဖြစ်စေ အရည်အသွေးကောင်းမွန်ပြီးကျန်းမာတဲ့သားပေါက်ငယ်လေးတွေရရှိလာ နိုင်မှာမဟုတ်ဘူးဆိုတာကိုသတိပြုသင့်ပါတယ်၊ 

သတ်မှတ်ချက်ထက် အသက်ကြီးတဲ့ခွေးမနဲ့ သတ်မှတ်ချက်ထက် အသက်ငယ်တဲ့ခွေးမကို သားတင်ပေး မှုရဲ့ရလာဒ်တွေကိုသုတေသနပြုကြည့်တဲ့အခါမှာတော့အသက်ငယ်တဲ့ခွေးမကိုသားတင်ပေးမိခြင်းဟာ ကလေးအသေမွေးခြင်း သားပျက်ကျခြင်းတွေပိုဖြစ်လေ့ရှိတယ်လို့ဆိုပါတယ်

(၁)နှစ်သားအရွယ်ခွေးမကိုသားတင်ပေးမိရင်မွေးဖွားချိန်မှာအရိုးကွင်းမပွင့်နိုင်တဲ့အတွက်ကလေးတွေသေဆုံး နိုင်တဲ့အပြင် ခွေးမကိုယ်တိုင်လည်း အသက်အန္တရာယ်နဲ့ရင်ဆိုင်ရနိုင်ပါတယ်

အသက်လွန်နေတဲ့ခွေးမကိုသားတင်ပေးမိရင်ကလေးအသေမွေးခြင်းနဲ့သားပျက်ကျခြင်းတွေဖြစ်လာနိုင်ပါတယ်

ခွေးရဲ့အသက်ကြီးလာတာနဲ့အမျှမျိုးဥတွေရဲ့အရည်အသွေးကျဆင်းလာတာကြောင့် ပေါက်လာတဲ့ကလေးတွောချူခြာပြီး  မွေးဖွားချိန်မှာ အခက်အခဲတွေ့ရမှာဖြစ်ပါတယ် ၊ အသက်ကြီးနေတဲ့ခွေးမဟာ နို့ထွက်မကောင်း‌ တော့တဲ့အတွက် ကလေးတွေနို့မဝတာမျိုးဖြစ်ပြီးရောဂါထူလာတတ်တဲ့အပြင်    ခွေးမဟာအချိန်စောပြီးနို့ခမ်းသွားတတ်တဲ့အတွက် သားပေါက်ငယ်လေးတွေရဲ့သေနှုန်းမြင့်မားလေ့ရှိပါတယ်

(GSD)ခွေးတွေကိုသားဖောက်တဲ့အခါကျန်းမာရေးကောင်းနေတဲ့ခွေးအထီးနဲ့ခွေးအမတွေကိုသာ အသုံးပြုသင့်တဲ့အပြင် အကောင်းဆုံးမျိုးဆက်တွေရရှိလာစေဖို့အတွက် မျိုးရိုးကောင်းပြီး အဆင့်မီ အရည်အချင်းပြည့်ဝတဲ့ခွေးအထီးနဲ့ခွေးမတွေကိုသာ ရွေးချယ်သားဖောက်သင့်ပါတယ်(GSD)သားဖောက်မှုဟာ ထင်သလောက်မလွယ်တဲ့အတွက် အတွေ့အကြုံရှိသူတွေရဲ့ အကြံဉာဏ်တွေကိုရယူသင့်တဲ့အပြင် မျိုးရိုးဗီဇဆိုင်ရာကိစ္စရပ်တွေအတွက် တိရစ္ဆာန်ရောဂါကုဆရာဝန်တွေရဲ့ အကြံဉာဏ်တွေကိုလည်းရယူသင့်ပါကြောင်း

0 မှတ်ချက်များ to “ဂျာမန်ရှက်(ပ)ဟတ်ခွေးများအားသားဖောက်ခြင်း”

Post a Comment