«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

29 Aug 2012

အသက်အရွယ်ကြီးသောကြောင်များ

,

အသက်အရွယ်ကြီးရင့်တဲ့ ကြောင်များနဲ့ပတ်သက်တဲ့ သိကောင်းစရာများ(geriatrics cat)

အချိန်မှန်ကာကွယ်ဆေးတွေထိုးနှံပြီး အိမ်မှာစနစ်တကျ ပြုစုမွေးမြူထားတဲ့ကြောင်တွေဟာ များသောအားဖြင့် အသက်(၁၅)နှစ်လောက်အထိ အသက်ရှင်နိုင်ကြပါတယ် … တစ်ချို့ကြောင်တွေဆို အသက်(၂၀)လောက်အထိရှင်နိုင်ကြပေမယ့် အင်မတန်ရှားပါတယ် …. ဖြစ်သလို ဂရုမစိုက်ပဲမွေးထားတဲ့ကြောင်တွေကတော့ မတော်တဆထိခိုက်မှုတွေ … ရောဂါဖြစ်ပွားမှုတွေ ကပ်ပါးရောဂါစွဲကပ်ခံစားရမှုတွေနဲ့ .. ပိုးသတ်ဆေးအဆိပ်သင့်မှုတွေကြောင့် ပျမ်းမျှအားဖြင့် အသက်(၆)နှစ်လောက်မှာပဲ သေဆုံးကြရတာကများပါတယ် …… ကြောင်ရဲ့အသက်(၇)နှစ် အရွယ် ရောက်လာပြီဆိုရင် အသက်အရွယ်ကြီးရင့်ပြီလို့ဆိုနိုင်ပါပြီ … ဒီအရွယ်မှာ premature aging လို့ခေါ်တဲ့ အချိန်မတိုင်ခင် အိုမင်းရင့်ရော်မှုမဖြစ်အောင် လုပ်ဆောင်ပြုစုပေးရမယ့်ကိစ္စလေးတွေကို ဆောင်ရွက်ပေးသင့်ပါတယ် …. ရုပ်ပိုင်းဆိုင်ရာဖိစီးမှုတွေမရှိအောင်ပြုလုပ်ပေးရပါမယ် …… အာဟာရပြည့်ဝတဲ့ အစာကိုရွေးချယ်ကျွေးမွေးပေးရပါမယ် … တစ်နှစ်မှာ အနည်းဆုံးတစ်ကြိမ်တော့ ဆေးစစ်ပေးသင့်ပါတယ် … ကျန်းမာရေးချူချာရင်တော့ (၃)ကြိမ်ခန့်စစ်ဆေးကြည့် သင့်ပါတယ် …
annual geriatric checkup … လို့ခေါ်တဲ့ နှစ်စဉ်ကျန်းမာရေးစစ်ဆေးတဲ့အခါမှာ တိရစ္ဆာန်ရောဂါကုဆရာဝန်က … ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေ … သွေးအတွင်းပါဝင်ပစ္စည်းများရဲ့ပြောင်းလဲမှုအခြေအနေတွေ … သွေးရဲ့ဓါတ်သဘာဝ ပြောင်းလဲမှုအခြေအနေတွေနဲ့ … ဆီးဝမ်းစစ်ဆေးမှုတွေကိုပြုလုပ်ပေးမှာဖြစ်ပါတယ် … တွေ့ရှိတဲ့ ရလာဒ်အဖြေပေါ်မှာမူတည်ပြီးတော့ လိုအပ်ရင် အသည်းနဲ့ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေတွေကို စစ်ဆေးသင့်ရင်စစ်ဆေးပါလိမ့်မယ် … လိုအပ်ရင် .. ရင်ခေါင်းပိုင်းကို ဓါတ်မှန်ရိုက်ခြင်းနဲ့ နှလုံးရဲ့ဆောင်ရွက်မှုတွေမှန်မမှန်ကို (E.C.G) စက်နဲ့စစ်ဆေးပါလိမ့်မယ် … တစ်ချို့ တိရစ္ဆာန်ရောဂါကုဆေးခန်းတွေမှာ သွေးပေါင်ချိန်တိုင်းတာခြင်းကိုပါဆောင်ရွက်ပေးကြပါတယ် … ကြောင်ရဲ့အသက်အရွယ်အိုမင်းမှုအပေါ် ထိမ်းသိမ်းစောင့်ရှောက်တဲ့လုပ်ငန်းမှာ  သွေးအတွင်း သိုင်းရွိုက်ဟော်မုန်းပမာဏဘယ်လောက်အထိမြင့်တက်နေပြီလဲဆိုတာကို စစ်ဆေးကြည့်ဖို့လည်း အရေးကြီးပါတယ် .. နောက်ပြီးတော့ ကြောင်တွေအသက်ကြီးလာရင် ကျောက်ကပ်ပျက်စီးတဲ့ရောဂါအဖြစ်များလာတာကြောင့် Early Renal Disease Healthscreen (ERD) လို့ခေါ်တဲ့နည်းနဲ့ ဆီးအတွင်းမှာ Albumin လို့ခေါ်တဲ့ ပရိုတိန်းဓါတ်ပါဝင်နေမှုကိုစစ်ဆေးကြည့်လိုက်ရင် ကျောက်ကပ်ပျက်စီးတဲ့ရောဂါဖြစ်ပွားမှုရှိမရှိ ကြိုတင်သိရှိနိုင်ပါတယ် … လိုအပ်ရင်ကြိုတင်ကာကွယ်မှုတွေကို အချိန်မီပြုလုပ်ထားနိုင်ပါတယ် ….
ဒီလိုစနစ်တကျစစ်ဆေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ … ဒါပေမယ့် အခြေအနေအကြောင်းကြောင်းကြောင့် ကျန်းမာရေးစစ်ဆေးမှုမပြုနိုင်ဘူးဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့အချက်တွေကို သတိထားစောင့်ကြည့်ဖို့ အကြံပြုပါတယ် ……..
ကိုယ့်ရဲ့ကြောင်ကလေးဟာ …………

(၁)အစားအသောက်ပျက်ပြီး ချက်ချင်းပိန်သွားရင်
(၂)ချောင်းဆိုးပြီး…. အသက်ရှုမြန်ရင်…. မောလွယ်ရင်….
(၃)အားအင်ချည့်နဲ့ပြီး အသွားအလာခက်ခဲမှုရှိရင်
(၄)ရေခဏခဏဆာပြီး ဆီးခဏခဏသွားရင်
(၅)၀မ်းချုပ်ရင်…. ၀မ်းပျက်ရင်
(၆)ကိုယ်ခန္ဒာရဲ့ သဘာဝအပေါက်တွေကတစ်ဆင့် သွေးရောင်ပြည်ရောင်အရည်တွေထွက်ရင်
(၇) ကိုယ်ခန္ဒာရဲ့ တစ်နေရာရာမှာ သဘာဝမဟုတ်တဲ့ အဖုအကြိတ်တွေထွက်ပေါ်လာရင်
(၈) ထူးဆန်းတဲ့ အမူအကျင့်တွေဖြစ်လာရင် ……
အထက်ပါအခြေအနေမျိုးတွေ တွေ့လာရရင်တော့ တိရစ္ဆာန်ရောဂါကုဆရာဝန်နဲ့ ပြသပြီး လိုအပ်တဲ့ကုသမှုတွေကိုခံယူသင့်ပါတယ်လို့ အကြံပြုတင်ပြလိုက်ပါတယ် …… …………..ရွင်လန်းချမ်းမြေ့ကြပါစေ …………

0 မှတ်ချက်များ to “အသက်အရွယ်ကြီးသောကြောင်များ”

Post a Comment