«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

1 Aug 2013

နှလုံးသန်ကောင်ရောဂါ

,
((( နှလုံးသန်ကောင်ရောဂါ ဆိုတာ )))

ခွေးရဲ့နှလုံးအတွင်းမှာ သန်လုံးကောင်တွေစွဲကပ်လို့ ပိန်ချုံးချည့်နဲ့ပြီး ရေဖျဉ်းစွဲလာတဲ့ရောဂါ တစ်မျိုးဖြစ်ပါတယ် …
((( ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်း )))
Dirofilaria immitis  လိုခေါ်တဲ့ သန်လုံးကောင် ကြောင့်ဖြစ်ပွားရခြင်း ဖြစ်ပါတယ် ..  
((( ကူးစက်ပုံ )))

နှလုံးသန်ကောင်အမတစ်ကောင်ကနေ တစ်ရက်လျှင် (Microfilaria)လို့ခေါ်တဲ့ သားလောင်း ကောရေ(၅၀၀၀)လောက် ဥချပေးနေပြီး အဲဒီ (Microfilaria)လေးတွေဟာ ခွေးရဲ့သွေးထဲမှာ လှည့် လည် လိုက်ပါပြီး(၃)နှစ်လောက်အထိ အသက်ရှင်နေနိုင်ပါတတယ် … ခြင်ကောင်ကသွေးလာစုပ်ရင် ခြင်ရဲ့ခန္တာကိုယ်ထဲမှာနေထိုင်ပြန်ပါတယ်… (၁၀)ရက်အတွင်း သားလောင်း (အဆင့်-၁)ကနေ သား လောင်း(အဆင့်-၃)အထိပြောင်းလဲဖြစ်ပေါ်လာပါတယ် …  ဒီအဆင့်ရောက်လာတဲ့သားလောင်းလေး တွေဟာ ခြင်ကောင်ရဲ့ပါးစပ်ထဲကို ရွှေ့ပြောင်းနေထိုင်ပြီး အဲဒီခြင်က နောက်ခွေး တစ်ကောင် ကိုကိုက်တဲ့အခါ … အကိုက်ခံရတဲ့အရေပြားနေရာကနေ ၀င်ရောက်သွားပါတယ် ..
          အရေပြားကနေ ၀င်ရောက်လာပြီးနောက် (၁၂)ရက်အတွင်းမှာ သားလောင်း(အဆင့်-၄)အဖြစ်ကိုပြောင်းသွားပြီး … အဲဒီအဆင့်မှာပဲ ရက်ပေါင်း(၅၀)မှ(၆၈)ရက်လောက် ရှိနေပါတယ် … (ခွေးတွေရဲ့အရေပြားအောက်မှာပဲ ရှိနေတတ်တဲ့ Dipetalonema  လို့ခေါ်တဲ့ microfilaria နောက် တစ်မျိုးရှိပါသေးတယ်  .. သူက ခွေးကို ဘာမှဒုက္ခမပေးပါဘူး … နှလုံးသန်ကောင်နဲ့ လွဲတတ်ပါတယ် … အဏုကြည့်မှန်ပြောင်းအောက်မှာ သေသေချာချာကြည့်ရင် ခွဲခြားသိရှိနိုင်ပါတယ် )..
အဲဒီနောက်ပိုင်းကျတော့မှ သားလောင်းငယ်အဆင့်ဖြစ်တဲ့ (အဆင့်-၅)အဖြစ်ကိုကူးပြောင်း သွားပါ တယ် … ဒီအဆင့်ရောက်လာတဲ့သားလောင်းလေးတွေဟာ သွေးစီးကြောင်းနဲ့ အတူ လိုက်ပါပြီး နှလုံးရဲ့လက်ယာဖက်အောက်ခန်းနဲ့ ..အဆုပ်ကိုသွေးပို့ပေးတဲ့အထွက်သွေးကြောမကြီး ထဲမှာ တွယ် ကပ်နေပါတော့တယ် … ခြင်ကိုက်လို့ ၀င်ရောက်လာတဲ့ သန်ကောင်လေးတွေဟာ ခွေးရဲ့ ခန္တာကိုယ် ထဲရောက်ပြီး(၆)လလောက်ကြာတဲ့အခါမှာ အရွယ်ရောက်သန်ကောင်တွေ ဖြစ်လာပါတယ် ……
သူတို့ဟာ (၄)လက္မကနေ (၁၂)လက္မလောက်အထိ ရှည်လျှားကြပြီး(၅)နှစ်အထိ အသက်ရှင် နေနိုင်ပါတယ် …ခွေးတစ်ကောင်ရဲ့နှလုံးမှာ သန်ကောင်အရေအတွက် (၂၅၀)လောက်အထိ စွဲကပ်နေ နိုင်ပါတယ် …

((( ကောင်ရေပမာဏအလိုက် စွဲကပ်သည့်နေရာအနေအထား )))
ကောင်ရေ
စွဲကပ်သည်နေရာ
(၅၀)အောက်
နှလုံးရဲ့ယာဖက်အောက်ခန်း-အဆုပ်သို့ ပို့သောသွေးလွှတ်ကြော
(၇၅)အထက်
နှလုံးရဲ့လက်ယာဖက်အထက်ခန်း(တိုးချဲ့နေရာယူလာခြင်း)
အလွန်များလာလျှင်
 နှလုံးအတွင်းသို့ပြန်လာသော ရှေ့ပိုင်းသွေးပြန်ကြောမကြီးနှင့် နောက်ပိုင်းသွေးပြန်ကြောမကြီး
အလွန်များလာလျှင်
အသည်းသို့သွေးပို့သောသွေးကြော-အဆုပ်သို့ပို့သောသွေးကြော
အဆုပ်အတွင်းအထိသန်ကောင်တွေဝင်ရောက်တဲ့အခါမှာအဆုပ်ထဲကိုပို့ပေးတဲ့သွေးကြောတွေကို ပိတ်ဆို့တဲ့အတွက် … အဆုပ်ဆဲ(လ)တွေပျက်စီးကုန်ပါတယ်အဆုပ်ပျက်စီးတဲ့အတွက်ချောင်းဆိုးပြီး သွေးပါလာပါမယ် …
နှလုံးထဲမှာသန်ကောင်တွေများလာတဲ့အခါမှာ…နှလုံးရဲ့အဆို့ရှင်တွေအဖွင့်အပိတ်လုပ်တာကို  အနှောက်အယှက်ဖြစ်စေပါတယ်..အသည်းကပြန်လာတဲ့ သွေးကြောမကြီးပိတ်သွားရင်…အသည်းထဲ မှာမကောင်းတဲ့သွေးတွေစုပုံလာတဲ့အတွက်…အသည်းဆဲ(လ)တွေပျက်စီးကုန်ပါတယ်…အသည်းပျက်စီးတဲ့ အတွက်…အသားတွေမျက်လုံးတွေဝါပြီး ရေဖျဉ်းစွဲလာတတ်ပါတယ် … မျက်လုံး..နှာခေါင်းနဲ့ ခန္တာကိုယ်အနှံ့မှာသွေးယိုစိမ့်တာတွေဖြစ်လာတတ်ပါတယ် …

((( ရောဂါလက္ခဏာများ )))
နှလုံးမှာသန်ကောင်စွဲနေတဲ့ခွေးအများစုဟာ ဘာရောဂါလက္ခဏာတွေမှမပြပဲလည်းရှိနေတတ်ပါ တယ်.. သန်ကောင်အရေအတွက် အလွန်များလာလို့ … ရောဂါလက္ခဏာတွေပြလာတဲ့အခါ အစပိုင်းမှာ လှုပ်ရှားမှုနည်းနည်းလုပ်လိုက်တာတဲ့ ချက်ချင်းမောလွယ်တာမျိုးဖြစ်လာပါမယ်… ချောင်းဆိုးပါတယ် … အသက်ရှုတာရှိုက်ရှိုက်ရှုနေရပြီး … လှုပ်ရှားမှုပြုတာနဲ့ ချောင်းတွေအရမ်း ဆိုးလာတတ်ပါတယ်.. တခါတရံ သတိလစ်မေ့မြော သွားတဲ့အထိဖြစ်တတ်ပါတယ် …အဲဒီနောက် တဖြည်းဖြည်းနဲ့ပိန်လာပါမယ် …၀မ်းဗိုက်ပိုင်းမှာရေဖျဉ်းစွဲပြီး ဖောင်းကားလာပါမယ် .. အသားတွေ မျက်လုံးတွေဝါလာတတ်ပါတယ်…
ကြောင်တွေမှာတော့ ဒီရောဂါဟာ ဖြစ်လေ့ဖြစ်ထ နည်းပါးပါတယ် … ဘာလို့လဲဆိုတော့ …… ကြောင်တွေရဲ့ ကိုယ်ခံစွမ်းအားစနစ်က နှလုံးသန်ကောင်တွေရဲ့ သားလောင်းအဆင့်ဖြစ်တဲ့ Microfilaria တွေကို ဆန့်ကျင်တိုက်ခိုက်နိုင်တဲ့အတွက်ဖြစ်ပါတယ် … ဒါပေမယ့် … တခါတလေ နှလုံးသန်ကောင် စွဲကပ်ခံရရင်တော့ ကြောင်တွေရဲ့ နှလုံးအရွယ်အစားကသေးငယ်တဲ့အတွက် သန်ကောင်(၂)ကောင် လောက်စွဲကပ်ရုံနဲ့ ရောဂါဒဏ်ကိုပြင်းပြင်းထန်ထန် ခံစားရပြီး ရုတ်တရက်သေဆုံးတတ်ပါတယ် ..

((( ရောဂါရှာဖွေခြင်း )))

သွေးကိုစစ်ဆေးကြည့်တဲ့နည်း အမျိုးမျိုးရှိပါတယ် …
အလွယ်ဆုံးနည်းကတော့ Thick blood smear test လို့ခေါ်တဲ့ သွေးမှန်ပြားကြည့်တဲ့နည်းပဲဖြစ်ပါတယ်..သွေးကိုဖောက်ယူပြီတော့ သွေးမခဲစေတဲ့ဆေးရည်နဲ့ရောစပ်ရပါတယ်.. ပြီးတော့ဖန်ပြားပေါ်မှာတင်ပြီး အဏုကြည့်မှန်ပြောင်းအောက်မှာ အဆပေါ်င်း(၁၀)ဆလောက်ချဲ့ကြည့်ရုံနဲ့… မိုက်ခရို ဖိုင်လေးရီယား သားလောင်းလေးတွေကို မြင်တွေ့နိုင်ပါတယ် ရောဂါရှိတာသေချာပေမယ့်.. သွေးမှန်ပြား  ကြည့်တဲ့အခါ…သန်ကောင်လေးတွေကိုမတွေ့ရတာမျိုးလည်းရှိတတ်ပါတယ်..အဲဒီလိုဖြစ်ရတာ ကတော့ ခွေးကို ဒီရောဂါကာကွယ်ဆေးထိုးနှံပေးထားတဲ့အတွက်ကြောင့် သန်ကောင်လောင်းလေး တွေသေကုန်လို့ဖြစ်နိုင်သလိုအရွယ်ရောက်ပြီးတဲ့ သန်ကောင်အထီးဖြစ်စေ အမဖြစ်စေ တစ်မျိုးတည်းသာရှိနေတဲ့အတွက်… မျိုးမပွားနိုင်သေးလို့လည်းဖြစ်နိုင်ပါတယ် ..
နောက်အသုံးများတဲ့နည်းတစ်နည်းကတော့ microfilarial concentration test  ဖြစ်ပါ တယ်..သွေးထဲမှာသားလောင်းကောင်တွေအများကြီးပါလာအောင်ပြုပြင်ပြီးမှ ကြည့်ရှုတဲ့ နည်းဖြစ် ပါတယ် … သွေးမှန်ကြည့်တဲ့နည်းထက်စာရင် … ပိုပြီးတော့တိကျမှုရှိပါတယ် … နောက်နည်းတစ်ခုကတော့ Heartworm antigen test  လို့ခေါ်တဲ့နည်းပါပဲ … ဒီနည်းနဲ့ အလွယ်တကူစမ်းသပ်နိုင်တဲ့ ပစ္စည်းလေးကိုဝယ်လို့ရပါတယ် … လူတွေမှာ ဆီးချိုစစ်သလို … ကိုယ်ဝန် ရှိမရှိစစ်သလို အသုံးပြုရတဲ့ပစ္စည်းလေးပါပဲ ..အဲဒါနဲ့ စစ်ဆေးလိုက်ရင်အချိန်တိုအတွင်း နှလုံးသန်ကောင်ရှိမရှိကိုသိရှိနိုင်ပါတယ် … အရွယ်ရောက်ပြီးတဲ့သန်ကောင်အမတွေ ရှိနေရင်တော့ ဒီနည်းနဲ့ စစ်ဆေးတာက ပိုကောင်းပါတယ် .

နှလုံးသန်ကောင် စွဲကပ်မှုဘယ်လောက်ပြင်းထန်တယ်ဆိုတာကိုတိတိကျကျသိနိုင်ဖို့ဆိုရင်တော့ ရင်ခေါင်းပိုင်းကိုဓါတ်မှန်ရိုက် ကြည့်ရမှာဖြစ်တယ်..ဓါတ်မှန်ထဲမှာ နှလုံးလင်္ကျာဖက်အခြမ်းရဲ့ အောက်ခြေအခန်းဟာ ဖောင်းကားနေရင်ဖြစ်စေ .. အဆုပ်ကိုသွေးပို့ပေးတဲ့ သွေးကြောမကြီး ဖောင်းကားနေရင် ဖြစ်စေ ..သန်ကောင်တွေအများကြီးစွဲကပ်နေပြီဆိုတာ သိရှိနိုင်ပါတယ် …




ECG လို့ခေါ်တဲ့ တီဗွီဓါတ်မှန်ရိုက်ကြည့်ရင်လည်း…နှလုံး ခုန်ချက်တွေ ပုံမှန်မဟုတ်တာတွေ့ရ မှာဖြစ်ပါတယ် …
Echocardiogram   လို့ခေါ်တဲ့ဓါတ်မှန်ရိုက်ကြည့်ရင်လည်း နှလုံးရဲ့ လင်္ကျာဖက်အခြမ်းရဲ့ အောက်ခြေအခန်း နဲ့ .. အဆုပ်ကိုသွေးပို့ပေးတဲ့ သွေးကြောမကြီး ထဲမှာ....သန်ကောင်တွေစွဲကပ်နေ တာကို မြင်တွေ့နိုင်ပါတယ် …တစ်ချိန်တည်းမှာ သွေးအားနည်းမှုအခြေအနေကို သိရှိနိုင်ဖို့ ခွေးရဲ့သွေးကိုဓါတ်ခွဲခန်းမှာ စစ်ဆေးသင့်ပါတယ်… ကျောက်ကပ်နဲ့ အသည်းပုံမှန်ဆောင်ရွက်ချက်ရှိမရှိ သိဖို့လိုအပ်လာရင်တော့ ဆီးကိုစစ်ရမှာဖြစ်ပါတယ် …

((( ကုသခြင်း )))
သန်ကောင်တွေ ဘယ်လောက်များများစွဲကပ်နေသလဲ .. ဘယ်နေရာမှာစွဲကပ်နေတာလဲ … နောက်ဆက်တွဲအနေနဲ့ ဘာတွေဖြစ်နေပြီလဲဆိုတာတွေသိရှိမှသာ  ဒီရောဂါကိုဘယ်လိုကုသရမယ်ဆိုတာ ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ် … ကုသမှုမစတင်မီ ဆေးဒါဏ်ခံနိုင်မှုရှိမရှိ ဆုံးဖြတ်ဖို့ …… ခွေးရဲ့ အသက်အရွယ်နဲ့..ကြံ့ခိုင်မှုအနေအထား တွေကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ် ..
နောက်ဆက်တွဲရောဂါတွေမဖြစ်သေးရင်တော့…အောက်ပါအတိုင်းအဆင့်ဆင့်ကုသရပါတယ်

(၁)အရွယ်ရောက်ပြီးသန်ကောင်တွေကိုဖယ်ရှားတဲ့ကုထုံး

Melasomine dihydrochloride (Immiticide) အသားဆေးထိုးနှံခြင်းအဆင့်ဆင့်ကတော့
         
(၁)-ကြောရိုးကြွက်သားစိုင်အတွင်းကို 2.5mg/kg နှုန်းနဲ့ ပထမအကြိမ်ထိုးနှံရပါမယ်    
(၂)-ပထမအကြိမ်ထိုးပြီးလို့တစ်လအကြာမှာ ဒုတိယအကြိမ်ထပ်မံထိုးနှံပေးရပါတယ်
(၃)-ဒုတိယအကြိမ်ကနေ (၂၄)နာရီအကြာမှာ တတိယအကြိမ်ထိုးနှံခြင်းပြုလုပ်ရမှာဖြစ်ပါတယ်

Thiacetarsamide Sodium(Caparsolate) ဆေးကိုလည်းအသုံးပြုကုသနိုင်ပါတယ်     

(၂) သားလောင်းကောင် ( microfilaria ) တွေကိုဖယ်ရှားတဲ့ကုထုံး

အရွယ်ရောက်ပြီးသန်ကောင်တွေကို ဖယ်ရှားပြီးတဲ့နောက်(၄)ပါတ်ကြာရင် … သွေးထဲက သားလောင်းကောင် microfilaria တွေကိုသုပ်သင်တဲ့.. Ivermectin (သို့)  milbemycin ဆေးကို ထိုးနှံပေးရမှာဖြစ်ပါတယ်…
သန်ကောင်သတ်တဲ့ဆေးတွေနဲ့ကုသနေတဲ့တစ်ချိန်တည်းမှာပဲ အသုံးပြုတဲ့ဆေးရဲ့ဘေးထွက် ဆိုးကျိုးတွေနည်းအောင်ပြုလုပ်ဖို့နဲ့…ဆေးတွေရဲ့အာနိသင်ကြောင့် သေသွားတဲ့ သန်ကောင်တွေဟာ အဆုပ်ထဲမှာ ပိတ်ဆို့မနေစေဖို့ကိုတော့ ကုသတဲ့ဆရာဝန်ကချင့်ချိန်ပြီး ဆောင်ရွက်ရတာဖြစ်ပါတယ်
အချို့တိရစ္ဆာန်ရောဂါကုဆရာဝန်တွေကတော့ သွေးထဲကသားလောင်းကောင်(microfilaria) တွေ ကို အရင်ဆုံးနှိမ်နင်းပြီးမှသာ အရွယ်ရောက်ပြီးသန်ကောင်တွေကိုနှမ်နင်းဖို့ အကြံပြုကြပါတယ်…

((( ကြိုတင်ကာကွယ်ခြင်း )))
လစဉ်ထိုးနှံရတဲ့ဆေးတွေကတော့ Ivomectin …Milbemycin oxime    တို့ဖြစ်ပြီး Moxidectin  ဆေးကိုသုံးမယ်ဆိုရင်တော့ (၆)လတစ်ကြိမ်ပဲထိုးနှံပေးရမှာဖြစ်ပါတယ်......

         ထပ်မံဖတ်ရှုရန်နှိပ်ပါ Link
 

3 မှတ်ချက်များ to “နှလုံးသန်ကောင်ရောဂါ ”

  • 16 December 2015 at 16:33
    Anonymous says:

    ဆရာ အိမ်ကကြောင်လေးတွေ တစ်ခါမှ နှလုံးသန်ကောင်ကာကွယ်ဆေး မထိုးဖူးပါဘူး။ အဲဒါ နှလု့းသ်န်ကောင် ရှိမရှိမသိဘူး။ အဲဒါ ကာကွယ်ဆေးထိုးလို့ အဆင်ပြေနိုင်မလား။ ဒါမှမဟုတ်အရင်ဆုံး ဆေးရုံသွားစစ်ကြည့်ရမှလား။ အိမ်က လေးကောင်ဆိုတော့ လွယ်လွယ်ကူကူလည်း အပြင်မှာ ထိန်းဖို့မလွယ်လို့ပါ။

  • 16 December 2015 at 16:47
    Anonymous says:

    သောက်ဆေးရောရှိလားဟင်

  • 18 July 2016 at 02:16
    AYPC says:

    ရှိပါတယ် . . . တစ်လတစ်ပြားနှုံးနဲ့ . . (၃)လတိုက်ရပါတယ်

Post a Comment