«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

15 Jun 2023

အစာအိမ်ယောင်ခြင်း ၊ အစာအိမ်အနာနှင့် ပရိုတွန်ပန့်

,

အစာအိမ်ထဲမှာရှိတဲ့ပရိုတွန်ပန့်ဆိုတာ အစာအိမ်နဲ့ပတ်သက်တဲ့ဝေဒနာတွေမှာ အရေးကြီးတဲ့အပိုင်းက ပါဝင်နေတဲ့အရာဖြစ်ပါတယ်၊ ပရိုတွန်ပန့်ဆိုတာက အများသိထားသလို ရေစုပ်စက် ရေတင်စက်တွေမှာပါတဲ့ပန့်ကိုပြောတာမဟုတ်ပါဘူး၊ ဒီစကားလုံးက တင်စားခေါ်ဝေါ်တဲ့စကားလုံးသာဖြစ်ပါတယ်၊ အမှန်ကအစာအိမ်ရဲ့ဆဲလ်‌တွေမှာရှိတဲ့ အင်ဇိုင်းတွေကို‌ပြောတာဖြစ်ပါတယ်။   ဒီအင်ဇိုင်းတွေဟာ အစာချေရာမှာ အရေးကြီးတဲ့ အက်ဆစ်ထွက်ဖို့အတွက် အရေးကြီးပါတယ်။ ပရိုတွန်ပန့်တွေရဲ့ လုပ်ဆောင်ပုံကတော့ အစာအိမ်အတွင်းမှာ အစာချေရာကထွက်ပေါ်လာတဲ့ ဟိုက်ဒရိုဂျင်အိုင်းယွန်း (ပရိုတွန်) တွေကို  အစာချေဖျက်ရာမှာအရေးပါတဲ့ ဟိုက်ဒရိုကလိုရစ်အက်ဆစ် (HCl)အဖြစ်ပြောင်းသွားအောင်ကူညီပေးတာဖြစ်ပါတယ်။ ဟိုက်ဒရိုကလိုရစ်အက်စစ်ဟာ အချဉ်ဓာတ်မြင့်မားပြီး အစာချေဖျက်ခြင်း ၊ အစာနဲ့အတူပါလာတဲ့ ဘက်တီးရီးယားတွေကို ပိုးသတ်ခြင်းနဲ့ ထိထိရောက်ရောက်အစာချေနိုင်ဖို့ ဆောင်ရွက်ပေးပါတယ်။

အစာအိမ်ကထွက်တဲ့အစာချေရည်ထဲမှာ ဟိုက်ဒရိုကလိုရစ်အက်စစ်အပြင် အစာ‌ချေအင်ဇိုင်းတွေလည်းပါဝင်ပါတယ်၊ စားလိုက်တဲ့အစာတွေကို အစာ‌ချေအင်ဇိုင်းတွေက ချေဖျက်တဲ့အခါ အက်စစ်ဓာတ်လွန်ကဲတဲ့ပတ်ဝန်းကျင်ရှိမှသာအစာချေအင်ဇိုင်းတွေကလည်း အစာတွေကိုချေနိုင်တာဖြစ်တဲ့အတွက် ဟိုက်ဒရိုကလိုရစ်အက်စစ်ဟာ အစာချေနိုင်ဖို့အတွက် အလွန်အရေးပါတဲ့အခန်းမှာပါဝင်နေသလို သူ့ကြောင့်လည်း အစာအိမ်အချဉ်ပေါက်တာ အစာအိမ်ယောင်တာနဲ့ အစာအိမ်အနာတွေကို ပိုမိုဆိုးရွားသွားစေနိုင်ပါတယ်။ 

(PPIs)လို့ခေါ်တဲ့အစာအိမ်ရောဂါကုဆေးတွေဟာ ပရိုတွန်ပန့်လို့‌ခေါ်တဲ့အင်ဇိုင်းတွေ အလုပ်မလုပ်နိုင်အောင် ဟန့်တားပေးခြင်းအားဖြင့် အစာအိမ်က‌နေအက်ဆစ်ထုတ်လုပ်မှုကို လျှော့ကျသွား‌အောင်လုပ်‌ပေးတဲ့ ဆေးတွေဖြစ်ပါတယ်။ အဲဒီဆေးတွေကို အစာအိမ်အချဉ်ပေါက်တာ အစာအိမ်ယောင်တာနဲ့ အစာအိမ်အနာဖြစ်တဲ့‌ရောဂါ‌တွေဖြစ်တဲ့အခါ အစာအိမ်က‌နေအက်ဆစ်ထုတ်လုပ်မှုကို လျော့ကျသွားစေဖို့ အသုံးပြုပါတယ်၊  ဒီဆေးတွေအသုံးပြုခြင်းအားဖြင့် ရောဂါလက္ခဏာတွေကို အလျှင်အမြန်သက်သာစေပြီး အစာအိမ်နံရံကအနာ‌ တွေကိုလည်းမြန်မြန်ကျက်စေပါတယ်။

ဒီဆေးတွေကို အလွန်အကျွံအသုံးပြုခြင်း၊ အချိန်ကြာကြာအသုံးပြုခြင်းဟာ  ဘေးထွက်ဆိုးကျိုးတွေရှိနိုင်ပြီး ခန္ဓာကိုယ်အတွင်းရှိ ပုံမှန်ဇီဝကမ္မဖြစ်စဉ်တွေကို ထိခိုက်စေတဲ့အတွက် ကျွမ်းကျင်တဲ့ပညာရှင်ရဲ့ လမ်းညွှန်မှုနဲ့သာ အသုံးပြုသင့်ပါတယ်။

0 မှတ်ချက်များ to “အစာအိမ်ယောင်ခြင်း ၊ အစာအိမ်အနာနှင့် ပရိုတွန်ပန့်”

Post a Comment