«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

15 Jun 2023

ကြွက်သားအားနည်းရောဂါ(Myasthenia gravis)

,

ခွေးတွေမှာဖြစ်ပွားတဲ့ Myasthenia gravis ရောဂါဆိုတာက ခုခံအားစနစ်ဖောက်ပြန်မှုကြောင့် အာရုံကြောတွေနဲ့ ကြွက်သားတွေကြား ဆက်သွယ်မှုကိုထိခိုက်တဲ့ နာတာရှည်‌ရောဂါတစ်ခုဖြစ်ပါတယ် ၊ အဲလို ဆက်သွယ်မှုကိုထိခိုက်တဲ့အခါ ကြွက်သားတွေအားနည်းပြီး ရောဂါ လက္ခဏာအမျိုးမျိုးဖြစ်လာခြင်းဖြစ်ပါတယ်။

ဒီရောဂါဖြစ်တဲ့ခွေးတွေမှာ သူ့ရဲ့ကိုယ်ခံအားစနစ်ဟာ ကြွက်သားဆဲလ်တွေရဲ့မျက်နှာပြင်ပေါ်က အက်စီတိုင်းကိုလင်းတွေနဲ့ လက်ခံရယူတဲ့ acetylcholine receptor လို့ခေါ်တဲ့ပရိုတင်းဓါတ်တွေကို ပစ်မှတ်ထားပြီးမှားယွင်းစွာ တိုက်ခိုက်ပါတယ်။

အက်စီတိုင်းကိုလင်း (Acetylcholine) ဆိုတာက အာရုံကြောတွေကတစ်ဆင့်ရောက်လာတဲ့အချက်ပြတွေကို ကြွက်သားတွေဆီပို့ပေးရာမှာ အရေးပါတဲ့အာရုံကြောဓာတ်တစ်မျိုးဖြစ်ပါတယ်။

အက်စီတိုင်းကိုလင်းလက်ခံပရိုတင်းတွေ တိုက်ခိုက်ခံရတဲ့အခါ  အာရုံကြောတွေကတစ်ဆင့်ရောက်လာတဲ့အချက်ပြတွေဟာ ကြွက်သားတွေဆီမရောက်နိုင်တော့တဲ့အတွက် ကြွက်သားအားနည်းခြင်းနဲ့ ပင်ပန်းနွမ်းနယ်ခြင်းတို့ဖြစ်လာပါတယ်၊ အစာရေမျိုနေရာကကြွက်သားတွေ ထိခိုက်လာရင် အစာနဲ့ရေကိုမျိုချဖို့ ခက်ခဲလာမှာဖြစ်ပါတယ် ၊ အသက်ရှူလမ်းကြောင်းနေရာက ကြွက်သားတွေအားနည်းသွားရင် အသက်ရှုရခက်စေပါတယ်၊ မျက်ခွံကို ထိန်းချုပ်တဲ့ ကြွက်သားတွေ အားနည်းသွားရင် မျက်လုံးကိုဖွင့်ထားဖို့ အခက်အခဲဖြစ်စေပါတယ် ၊ အသံထွက်ရာမှာပါဝင်တဲ့ ကြွက်သားတွေ အားနည်းသွားရင် အသံပြောင်းလဲမှု ဖြစ်ပေါ်‌စေပါတယ်။

ယေဘုယျအဖြစ်များတဲ့လက္ခဏာတွေက‌တော့ -  ကြွက်သားတွေ အားနည်းလာတဲ့အတွက်  လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ လေ့ကျင့်ခန်းမလုပ်နိုင်ခြင်း မောပမ်းလွယ်ခြင်း သို့မဟုတ် ကြာရှည်မတ်တပ်ရပ်ဖို့ခက်ခဲခြင်းတို့ ဖြစ်နိုင်လာတတ်ပါတယ်။ 

ခွေးတွေဒီရောဂါ ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့အကြောင်းရင်းအတိအကျကို‌တော့ မသိကြသေးပါဘူး အချို့‌ခွေးမျိုးတွေဟာ သူတို့ရဲ့မျိုးရိုးဗီဇကြောင့် ရောဂါပိုပြီးပြင်းထန်တယ်လို့ယူဆကြပါတယ်။ ဒီရောဂါဟာ Golden Retrievers၊ Labrador Retrievers၊ German Shepherds နဲ့ Springer Spaniels  ခွေးမျိုးတွေမှာအဖြစ်များပါတယ်၊ ခွေးတွေမှာ myasthenia gravis ရဲ့လက္ခဏာတွေဟာ ရောဂါရဲ့ပြင်းထန်မှုပေါ်မူတည်ပြီးကွဲပြားနိုင်ပါတယ်။

ဒီရောဂါကိုရှာဖွေရာမှာ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုအပြင် သွေးစစ်ဆေးမှုတွေနဲ့ သီးခြားရောဂါရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်ရပါတယ်။ သွေးကိုစစ်ဆေးခြင်းအားဖြင့် အက်စီတိုင်းကိုလင်းတွေကိုလက်ခံရယူတဲ့ acetylcholine receptor လို့ခေါ်တဲ့ ပရိုတင်းဓါတ်ကိုဆန့်ကျင်တဲ့ ကိုယ်ခံအားပဋိပစ္စည်းတွေ ဘယ်လောက်ရှိနေသလဲဆိုတာကိုသိရှိနိုင်ပါတယ်။ အာရုံကြောနဲ့ ကြွက်သား‌ တွေဆက်သွယ်လုပ်ဆောင်မှုအ‌ချေအနေကို သိနိုင်ဖို့အတွက်ကျတော့ အီလက်ထရွန်းနစ်ဓာတ်မှန်ရိုက်ခြင်း (EMG) နဲ့ Tensilon စမ်းသပ်ခြင်းလိုမျိုး စစ်ဆေးမှုတွေကို ပြုလုပ်ရပါတယ်။ myasthenia gravis ရောဂါအတွက် လုံးဝပျောက်ကင်းအောင်ကုသနိုင်တဲ့ဆေးဆိုတာမရှိသေးပါဘူး ဒါပေမယ့်ရောဂါလက္ခဏာတွေကို သက်သာလာစေဖို့အတွက်တော့ ခေတ်မီဆေးတွေက ပြုလုပ်ပေးနိုင်ပါတယ်။

တိရစ္ဆာန်ရောဂါကုဆရာဝန်တွေဟာ အာရုံကြောတွေဆီကအချက်ပြတွေကို ကြွက်သားတွေဆီအရောက်ပို့ပေးတဲ့ အက်စီတိုင်းကိုလင်းဓါတ်ကို လာရောက်ဖျက်ဆီးနေတဲ့ acetylcholinesterase  ဟိုမုန်းတွေကို ကြားဖြတ်ဖျက်ဆီးပစ်နိုင်တဲ့ Anticholinesterase ဆေးတွေ (ဥပမာ၊ pyridostigmine) အပြင် ခုခံအားကိုကျဆင်းစေတဲ့ဆေးတွေ (ဥပမာ၊ prednisone) နဲ့ အခြားအထောက်အကူပြုကုဆေးတွေကို အသုံးပြု‌လေ့ရှိကြပါတယ်။ ဒီရောဂါကိုကုသတဲ့အခါ ပုံမှန်စောင့်ကြည့်ကုသမှုအပြင် ရောဂါရဲ့အခြေအနေအရ ကုထုံးပြောင်းပြီး ကုသရတာမျိုး‌တွေလည်းရှိတတ်ပါတယ်။

0 မှတ်ချက်များ to “ကြွက်သားအားနည်းရောဂါ(Myasthenia gravis)”

Post a Comment