«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

20 Jun 2023

ခွေးကြောင်များ ဆီးခဏခဏသွားခြင်း၊ အိမ်အတွင်းဆီးသွားခြင်း(Detrusor hyperreflexia)

,

ခွေးကြောင်တွေမှာဖြစ်ပွားတဲ့ Detrusor hyperreflexia ရောဂါရဲ့လက္ခဏာတွေကတော့ မကြာခဏဆီးသွားခြင်း ဆီးထဲသွေးပါခြင်းတို့ဖြစ်တတ်ပါတယ်။  ဆီးသွားချင်စိတ်ရုတ်တရက် ပြင်းပြစွာဖြစ်တတ်တဲ့အတွက်အချိန်မီ အပြင်ထွက်ဖို့ကြိုးစားတတ်ပါတယ် ၊ ဆီးသွားချင်စိတ်ရုတ်တရက် ပြင်းပြလွန်းလို့ ချက်ချင်းထွက်ဖို့ အချိန်မရတော့တဲ့အခါ အိမ်ထဲမှာဆီးသွားတာမျိုးဖြစ်တတ်ပါတယ်။

ခွေးနှင့်ကြောင်တွေရဲ့ ဆီးအိမ်ထဲမှာ Detrusor လို့ခေါ်တဲ့ ဆီးညှစ်ကြွက်သားတွေရှိပါတယ်၊ အဲဒီကြွက်သားတွေက ဆီးအိမ်ကိုကျုံ့စေပြီး ဆီးသွားအောင်လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ Detrusor hyperreflexia ဆိုတဲ့ဝေဒနာကတော့၊ Detrusor ဆီးညှစ်ကြွက်သား‌တွေဟာ အလကားနေရင်းအလိုအလျှောက် ကျုံ့ကျုံ့နေတဲ့အတွက် မကြာခဏဆီးသွားခြင်း ဆီးကိုမထိမ်းနိုင်ခြင်းစတဲ့ပြသနာတွေဖြစ်လာတတ်ပါတယ်၊ ဒါကြောင့်မို့ ခွေးကြောင်တွေရဲ့ ဆီးအိမ်ထဲက Detrusor ဆီးညှစ်ကြွက်သားတွေ လွန်ကဲစွာလှုပ်ရှားပြီး ဆီးကိုမထိမ်းနိုင်တဲ့လက္ခဏာရပ်ကို Detrusor hyperreflexia ရောဂါလို့ခေါ်ပါတယ်။

ဒီလိုဖြစ်လာရခြင်းဟာ ဆီးလမ်းကြောင်းအတွင်း ပိုးဝင်ခြင်းအပါအဝင် အခြားအကြောင်းအမျိုးမျိုး ကြောင့်ဖြစ်တတ်ပါတယ်၊ ဆီးလမ်းကြောင်းထဲကိုပိုးဝင်တဲ့အခါ ရောဂါပိုးတွေဟာ Detrusor ကြွက်သားကို နှောင့်ယှက်တဲ့အတွက် ပုံမှန်မဟုတ်တဲ့ဆီးအိမ်ကျုံ့မှုကိုဖြစ်စေနိုင်ပါတယ်၊ ဆီးအိမ်ထဲမှာကျောက်တည်တဲ့အခါ ဆီးအိမ်ယားယံခြင်းနဲ့ ဆီးအိမ်ယောင်ရမ်းခြင်းတို့ဖြစ်စေပြီး မကြာခဏကြုံ့တာမျိုးဖြစ်လာတတ်ပါတယ်။

ကျောရိုးမှာအကျိတ်တွေပေါ်လာတာဖြစ်စေ   ကျောရိုးထိခိုက်ပျက်စီးတဲ့အခါမှာဖြစ်စေ အာရုံကြောတွေလည်းပျက်စီးတဲ့အတွက် ဆီးအိမ်ဆီကိုအာရုံကြောထောက်ပံ့မှု အနှောင့်အယှက်ဖြစ်စေပါတယ် ၊ အဲဒီအခါမျိုးမှာ  ဆီးအိမ်ကြွက်သား‌တွေရဲ့ ပုံမှန်ထိန်းချုပ်နိုင်မှုကို အနှောင့်အယှက်ဖြစ်ပြီး Detrusor hyperreflexia လက္ခဏာတွေဖြစ်ပေါ်လာတတ်ပါတယ်။

တစ်ခါတရံ Detrusor hyperreflexia လက္ခဏာတွေပြသနေပေမယ့် ဘာကြောင့်ဖြစ်တယ်ဆိုတာ အတိအကျ မသိနိုင်‌သေးတဲ့အခါမှာ ဒီရောဂါကို  idiopathic detrusor hyperreflexia လို့ခေါ်ဝေါ်သုံးနှုံးလေ့ရှိကြပါတယ်။

မိမိရဲ့ခွေးကြောင်ဟာ Detrusor hyperreflexia ဖြစ်နေတာလို့သံသယရှိရင်၊ ရောဂါကိုတိတိကျကျရှာဖွေဖို့အတွက် တိရစ္ဆာန်‌ရောဂါကုဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ် တိရစ္ဆာန်‌ရောဂါကုဆရာဝန်အ‌နေနဲ့ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးခြင်းအပြင် ဆီးစစ်ခြင်း၊ ဆီးအိမ်ကိုဓါတ်မှန်ရိုက်ခြင်း (X-rays၊ ultrasound) အခြေအနေပေးပါက cystoscopy ကဲ့သို့ ရောဂါရှာဖွေမှုတွေကိုအကြံပြုနိုင်ပါတယ်။

ဒီရောဂါကိုကုသတဲ့အခါ Detrusor ဆီးညှစ်ကြွက်သားတွေကို ပြေလျော့စေတဲ့ ဆေးဝါး‌တွေ၊ ပိုးဝင်ခြင်းကိုဖြေရှင်းပေးတဲ့ ဆေးဝါး‌တွေအပြင် ရောဂါလက္ခဏာတွေသက်သာစေတဲ့ဆေးဝါး‌တွေနဲ့ ကုသ‌ပေး‌လေ့ရှိကြပါတယ်။

0 မှတ်ချက်များ to “ခွေးကြောင်များ ဆီးခဏခဏသွားခြင်း၊ အိမ်အတွင်းဆီးသွားခြင်း(Detrusor hyperreflexia)”

Post a Comment