«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

7 Jun 2023

မျက်နှာပေါ်မှာဖြစ်တတ်တဲ့အရေပြားရောဂါ (Discoid lupus erythematosus)

,

ခွေးတွေမှာကိုယ်ခံစွမ်းအားစနစ်ဖောက်ပြန်ပြီးဖြစ်ပွားတတ်တဲ့ အရေပြားရောဂါတစ်မျိုးရှိပါတယ်၊ အဲဒီရောဂါကို ဆေးပညာဝေါဟာရအရ Discoid lupus erythematosus (DLE) လို့ခေါ်ပါတယ်။ ခွေးတွေမှာ၊ သူ့ရဲ့ခုခံအားစနစ်ကိုယ်တိုင်က ကျန်းမာနေတဲ့ သူ့ရဲ့အရေပြားဆဲလ်တွေကို ရန်သူထင်ပြီး မှားယွင်းတိုက်ခိုက်တဲ့အတွက် အရေပြားရောင်ယမ်းခြင်းနဲ့ အဝိုင်းပုံဒဏ်ရာတွေဖြစ်ပေါ်လာစေပါတယ်။ အထူးသဖြင့် မျက်နှာနဲ့ နားရွက်ပေါ်က အရေပြားတွေမှာ အနာ‌တွေဖြစ်ပေါ်လာတတ်ပါတယ်။  

ဒီရောဂါဖြစ်ပွားရတဲ့ အကြောင်းရင်းကို အတိအကျမသိရသေးပေမယ့်  ဗီဇဆိုင်ရာ ပါဝင်ပတ်သက်မှုရှိတယ်လို့ယူဆရပြီး ပတ်ဝန်းကျင်အ‌ခြေအနေတွေကြောင့်လည်း ဖြစ်တတ်ပါတယ် ၊ ဒီရောဂါဖြစ်ပွား‌နေတဲ့ခွေးဟာ နေရောင်ခြည်နဲ့ထိတွေ့နေရင် ရောဂါပိုမိုဆိုးရွားသွားတတ်ပါတယ်၊ ခွေးတွေမှာ ဒီရောဂါစတင်ဖြစ်လာ‌တော့မယ်ဆိုရင် နှာခေါင်း၊ နှုတ်ခမ်းနဲ့ မျက်ခွံတွေ အရောင်ဖျော့လာပြီး အစက်အပြောက်တွေ၊ အမဲစက်တွေ ဒါမှမဟုတ် အရေပြားဒဏ်ရာတွေ ပေါ်လာတတ်ပါတယ်။

ဒီရောဂါကိုထိထိရောက်ရောက်ကုသနိုင်ဖို့အတွက်ရောဂါလက္ခဏာပြနေတဲ့အရေပြားကို စစ်ဆေးခြင်းအပြင် သွေးစစ်ဆေးမှုနဲ့ အခြားဓာတ်ခွဲခန်းစစ်ဆေးမှုတွေ ပြုလုပ်ရပါတယ် တိရစ္ဆာန်ရောဂါကုဆရာဝန်တွေကတော့ ဒီရောဂါဖြစ်နေတဲ့ခွေးကို ကုသရာမှာ ကော်တီကိုစတီရွိုက်ဆေးတွေနဲ့ အခြားသော  ကိုယ်ခံအားထိန်းဆေးတွေကို ရေရှည်အသုံးပြုစေလေ့ရှိပါတယ်။  အရေပြားယားယံမှုကို သက်သာစေဖို့နဲ့ အနာကျက်စေဖို့အတွက် လိမ်းဆေးတွေ ဒါမှမဟုတ် လိမ်းဆေးတွေကို ညွှန်ကြားကြပါတယ်။

ဒီရောဂါဖြစ်လာရင် ပုံမှန်စစ်ဆေးခြင်းအပြင် မိမိ‌ခွေးကိုနေရောင်နဲ့မထိမိအောင် ထားဖို့လိုအပ်ပါတယ်၊  Discoid lupus erythematosus (DLE) ရောဂါဟာ နာတာရှည်ရောဂါဖြစ်ပြီး ရောဂါလက္ခဏာတွေကို သက်သာအောင်ကုသနိုင်ပေမယ့် လုံးဝပျောက်ကင်းအောင်ကုသလို့မရပါဘူး။  မိမိခွေးဟာ Discoid lupus erythematosus (DLE) ရောဂါဖြစ်တာလို့သံသယရှိပါက  တိကျတဲ့ရောဂါရှာဖွေခြင်းနဲ့ သင့်လျော်တဲ့ကုသမှုလုပ်ဆောင်နိုင်ဖို့အတွက် တိရစ္ဆာန်ရောဂါကုဆရာဝန်နဲ့ တိုင်ပင်ဖို့လိုအပ်ပါတယ်။

0 မှတ်ချက်များ to “ မျက်နှာပေါ်မှာဖြစ်တတ်တဲ့အရေပြားရောဂါ (Discoid lupus erythematosus)”

Post a Comment