«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

17 Jun 2023

နှလုံးအတွင်း သွေးနောက်ပြန်စီးဆင်းခြင်း(Mitral insufficiency)

,

 

နှလုံးအောက်ဖက်အခန်းတွေဟာ သူတို့ဆီရောက်လာတဲ့ သွေးတွေကို အဆုပ်အပါအဝင်ခန္တာကိုယ်အနှံ့ကိုပို့လွှတ်ဖို့အတွက် အမြဲမပြတ်ညှစ်ထုတ်ပေးနေရတာဖြစ်ပါတယ်


အဲလိုညှစ်ထုတ်ပေးနေရာမှာ အောက်အခန်းကသွေးတွေဟာရှေ့ကိုတစ်ချို့တစ်ဝက်သာသွားနိုင်ပြီး တစ်ချို့တစ်ဝက်က နှလုံးရဲ့ အပေါ်အခန်းဆီကို နောက်ပြန်စီး နေတတ်ပါတယ် အဲလိုဖြစ်တာကို နှလုံးအတွင်း သွေးနောက်ပြန်စီးဆင်းခြင်း(Mitral insufficiency)လို့ခေါ်ပါတယ်၊

အဲလိုဖြစ်နေရတာက သွေးတွေကိုလက်ခံတဲ့အပေါ်ခန်းတွေနဲ့ သွေးတွေကိုပို့လွှတ်‌ပေးတဲ့အောက်အခန်း‌တွေကြားမှာရှိတဲ့ အဖွင့်အပိတ်ဘား(Mitral valv)က ကြီးမားလွန်းပြီးကျွံထွက်နေလို့ဖြစ်စေ အဲဒီဘားက ကောင်းကောင်းမဖွံ့ဖြိုးပဲ သေးငယ်နေလို့ဖြစ်စေ အပေါ်ခန်းနဲ့အောက်ခန်းဆက်သွယ်တဲ့ အပေါက်မလုံလို့ဖြစ်ပါတယ်၊ နှလုံးထဲမှာ သွေးနောက်ပြန်စီးနေရင် ချောင်းဆိုတာ၊ အသက်ရှူကြပ်တာ၊ ဂဏှာမငြိမ်ဖြစ်တာ၊ အမောမခံနိုင်တာနဲ့ ပိန်ချုံးချည့်နဲ့လာတဲ့လက္ခဏာမျိုးတွေဖြစ်လာတတ်ပါတယ်။

နှလုံးသွေးပေါက်မလုံတဲ့အထိဖြစ်လာရတဲ့အကြောင်းရင်းတွေများစွာရှိပါတယ်၊ လေးဖက်နာပိုးကြောင့်ဖြစ်တဲ့နှလုံးရောဂါ (Rheumatic Heart Disease)နဲ့ Streptococcal ပိုးကြောင့်ဖြစ်တဲ့ လေးဖက်နာရောဂါ(Rheumatic fever) ရောဂါတွေမှာ နှလုံးအဆို့ရှင်တွေ ပျက်စီးသွားတတ်ပါတယ်။

ကူးစက်တတ်တဲ့နှလုံးကြွက်သားယောင်ယမ်းရောဂါ (Endocarditis)ဖြစ်ပွားတဲ့အခါ နှလုံးအဆို့ရှင်များ အပါအဝင် နှလုံးအတွင်းပိုင်းကို ရောဂါပိုး‌တွေ‌ရောက်ရှိလာပါတယ်၊ အဲဒီ ရောဂါပိုး‌တွေ‌ဟာ နှလုံးအဆို့‌ရှင်တွေကို အားနည်းစေတဲ့အတွက် သွေးနောက်ပြန်စီးဆင်းခြင်းဖြစ်စေပါတယ်။

မွေးရာပါနှလုံးအဆို့ရှင်ကွဲခြင်း သို့မဟုတ် အဆို့ရှင်ရဲ့အနီးမှာ ပုံမှန်မဟုတ်တဲ့ အပေါက်တွေပါလာခြင်းကြောင့်လည်း နှလုံးအတွင်းသွေးနောက်ပြန်စီးဆင်းခြင်း(regurgitation) ဖြစ်တတ်ပါတယ်။

နှလုံးမှာအနာဖြစ်(Myocardial Infarction)တဲ့အခါ အပေါ်ခန်းနဲ့အောက်ခန်းကိုခြားပေးထားတဲ့အဆို့ရှင်ဘား(mitral valve ) အပါအဝင် နှလုံးကြွက်သားတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို ပျက်စီးစေနိုင်တဲ့အပြင် အဆို့ရှင်(mitral valve )ကိုဆွဲထားတဲ့ chordae tendineae ဆိုတဲ့အရွတ်ငယ်ထိခိုက်ပျက်စီးသွားရင်လည်း နှလုံးအတွင်းသွေးနောက်ပြန်စီးဆင်းခြင်း(regurgitation) ဖြစ်တတ်ပါတယ်။

နှလုံးကြွက်သားတွေအားနည်းရာကနေ ပျော့ဖတ်ပြီးဆန့်ထွက်လာခြင်း (Dilated Cardiomyopathy) ဖြစ်တဲ့အခါ နှလုံးအခန်းတွေ ကျယ်လာတဲ့အတွက် နှလုံးအပေါ်ခန်းနဲ့အောက်ခန်းကိုခြားပေးထားတဲ့အဆို့ရှင်ဘား(mitral valve )ဟာ ကောင်းကောင်းပိတ်နိုင်မှာမဟုတ်‌တော့ပါဘူး။

နောက်ထပ်အဖြစ်များတာက အသက်အရွယ်နဲ့ဆိုင်ပါတယ် ၊ အသက်ကြီးလာတာနဲ့အမျှ နှလုံးအပေါ်ခန်းနဲ့အောက်ခန်းကိုခြားပေးထားတဲ့အဆို့ရှင်ဘား(mitral valve )တွေဟာ ထူထဲမာ‌ကြောပြီး တည်ဆောက်ပုံယိုယွင်းလာတတ်ပါတယ်။ အဒီအခါ အဆို့ရှင်ရဲ့ လုံအောင်ပိတ်နိုင်မှုကို ထိခိုက်စေတဲ့အတွက် သွေးပေါက်မလုံတာဖြစ်ပေါ်စေနိုင်ပါတယ်။

နှလုံးထဲမှာသွေးနောက်ပြန်စီးတာဟာ ဖြစ်ရတဲ့အကြောင်းရင်းနဲ့ အဆို့ရှင်ရဲ့အနေအထားပေါ်မူတည်ပြီး အပျော့စားပုံစံကနေ ပြင်းထန်တဲ့ပုံစံအထိ ဖြစ်တတ်ပါတယ်။

ဒီလိုဖြစ်တာကိုကုသတဲ့အခါ ပြင်းထန်မှုနဲ့ ရောဂါလက္ခဏာတွေပေါ်မူတည်ပြီး နှလုံးပေါ်ကိုအကျိုးသက်ရောက်တဲ့ဆေးဝါးတွေနဲ့ကုသတာမျိုးရှိသလို တိုးတက်ပြည့်စုံပြီး ငွေကြေးချမ်းသာတဲ့နိုင်ငံတွေမှာဆိုရင် အဆို့ရှင်ကိုပြုပြင်တာ သို့မဟုတ် အဆို့ရှင်ကိုအစားထိုးတာမျိုးလို ခွဲစိပ်ကုသမှုတွေကိုပြုလုပလေ့ရှိကြပါတယ်။

0 မှတ်ချက်များ to “နှလုံးအတွင်း သွေးနောက်ပြန်စီးဆင်းခြင်း(Mitral insufficiency) ”

Post a Comment