«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

25 Jun 2023

ခွေးတွေမှာဖြစ်တတ်တဲ့ အတက်ရောဂါ (Stokes-Adams Syndrome)

,

Stokes-Adams Syndrome လို့ခေါ်တဲ့ အတက်ရောဂါဟာ နှလုံးကိုထိခိုက်တဲ့ရောဂါတစ်ခုဖြစ်ပါတယ်၊  ဒီရောဂါဟာခွေးတွေမှာသာမက လူတွေမှာလည်း ဖြစ်ပွားတတ်တဲ့ရောဂါတစ်ခုဖြစ်ပါတယ်။  ခွေးတွေမှာ ဒီရောဂါဖြစ်ရင် သွားတွေယိုင်နည့်လာတတ်တဲ့အပြင် အားအင်ချည့်နဲ့ခြင်းနဲ့ ရုတ်တရက်လဲကျခြင်း၊ စတဲ့လက္ခဏာတွေ ဖြစ်တတ်ပါတယ်၊ အဲလိုလဲကျတာက စက္ကန့်အနည်းငယ်ကနေ မိနစ်များစွာအထိလည်းကြာတတ်ပါတယ်၊ တစ်ချို့ခွေးတွေကျတော့ ရံဖန်ရံခါတက်လိုက် ချက်ချင်းပြန်ကောင်းသွားလိုက်ဖြစ်‌တတ်ပါတယ်။

ကျန်းမာနေတဲ့နှလုံးအလုပ်လုပ်ပုံကိုကြည့်ရင် နှလုံးရဲ့ယာဖက်အပေါ်ပိုင်းမှာရှိတဲ့ Sinoatrial node လို့ခေါ်တဲ့အကြိတ်ဖုလေးကနေ လျှပ်စစ်အချက်ပြတွေကို  စည်းချက်မှန်မှန်ထုတ်ပေးနေတာဖြစ်ပါတယ်၊ ထွက်လာတဲ့လျှပ်စစ်အချက်ပြတွေဟာ နှလုံးရဲ့အပေါ်ခန်းတွေမှာရှိတဲ့ Atrial node လို့ခေါ်တဲ့အကြိတ်ဖုလေးတွေဆီကို ရောက်သွားတဲ့အခါ နှလုံးရဲ့အပေါ်ခန်းကကြွက်သားတွေညှစ်တဲ့အတွက် သွေးတွေဟာအောက်ခန်းတွေဆီရောက်သွားပါတယ် ၊ နှလုံးရဲ့အပေါ်ခန်းကအဲဒီလျှပ်စစ်အချက်ပြတွေဟာ အောက်ခန်းဆီကို စည်းချက်ကျကျ ဆက်လက်စီးဆင်းသွားတဲ့အခါ နှလုံးရဲ့အောက်ခန်းကကြွက်သားတွေက ထပ်ညှစ်ပါတယ်၊ အဲဒီအခါမှာ သွေးတွေဟာခန္တာကိုယ်အနှံ့က လိုအပ်တဲ့‌အင်္ဂါအသီးသီးဆီကို ရောက်သွားပါတယ်။

ဒီဖြစ်စဉ်အတိုင်းနှလုံးဟာ စည်းချက်မှန်မှန်ဆက်လက်ခုန်နေတဲ့အတွက် သွေးကိုခန္တာကိုယ်အနှံ့ပေးပို့နေနိုင်တဲ့အတွက် ကျန်းကျန်းမာမာအသက်ရှင်လှုပ်ရှားနေနိုင်တာဖြစ်ပါတယ်။


နှလုံးအတွင်းကလျှပ်စီးကို အနှောင့်အယှက်ဖြစ်စေတဲ့အကြောင်းအမျိုးမျိုး‌ရှိပါတယ်၊ Dilated cardiomyopathy လို့ခေါ်တဲ့နှလုံးကြွက်သားတွေပျော့သွားတာ၊ အသက်အရွယ်ကြီးရင့်လာလို့ နှလုံးကြွက်သားတွေပျက်စီးတာ၊ myocarditis , endocarditis နဲ့ pericarditis လို့ခေါ်တဲ့နှလုံးကြွက်သားတွေ‌ယောင်ယမ်းတာအပြင် နှလုံးခုန်ချက်တွေမှန်အောင်အသုံးပြုရတဲ့ Antiarrhythmic drugs ဆေးတွေကို အလွန်အကျွံသုံးမိတာတွေကြောင့် နှလုံးထဲက လျှက်စစ်အချက်ပြဆက်သွယ်မှု‌တွေကို အနှောက်ယှက်ဖြစ်တတ်ပါတယ်၊အဲဒီအခါမျိုး‌တွေမှာ Adams-Stokes Syndrome ရောဂါဖြစ်လာတော့တာပါပဲ၊ ဒီရောဂါ‌ကြောင့် နှလုံးကောင်းကောင်းမညှစ်နိုင်တဲ့အခြေအနေဖြစ်လာတဲ့အခါမှာ သွေးဖိအားရုတ်တရက်ကျဆင်းသွားပြီး ဦးနှောက်ဆီကိုသွေးထောက်ပံ့မှုလည်း လျှော့နည်းသွားတာကြောင့် မူးပြီးလဲကျသွားတာဖြစ်ပါတယ်။ 

 

ဒီရောဂါကြောင့်ဖြစ်လာတဲ့ လက္ခဏာ‌မျိုးတွေဟာ အခြားကျန်းမာရေးဆိုင်ရာအခြေအနေတွေမှာလည်းဖြစ်တတ်ပါ‌သေးတယ်၊၊ ဒါကြောင့်မို့ အကြောင်းရင်းမှန်ကိုဆုံးဖြတ်နိုင်ဖို့အတွက် လိုအပ်တဲ့စမ်းသပ်စစ်ဆေးမှုနဲ့ ရောဂါရှာဖွေမှုတွေ လုပ်ရပါတယ်။

ဒီရောဂါကိုကုသတဲ့အခါ နှလုံးကိုဦးတည်ကုသရတာဖြစ်တဲ့အတွက် နှလုံးခုန်နှုန်းကိုထိန်းညှိပေးတဲ့ ဆေးဝါးတွေအသုံးပြုရပါတယ်၊ ခေတ်မီတိုးတက်ပြီးငွေကြေးချမ်းသာတဲ့နိုင်ငံတွေမှာဆိုရင်  နှလုံးခုန်နှုန်းကိုထိန်းညှိဖို့အတွက် နှလုံးထဲမှာလျှပ်စစ်အချက်ပြထုတ်ပေးတဲ့ pacemaker ထည့်ပေးတာမျိုးပြုလုပ်ကြပါတယ်။ အကယ်၍ မိမိရဲ့ခွေးဟာ ရုတ်တရက်လဲကျပြီးမူးမေ့သွားတာမျိုးဖြစ်နေပြီဆိုရင် မှန်ကန်တဲ့ရောဂါရှာဖွေမှုနဲ့ သင့်လျော်တဲ့ကုသမှုအတွက် တိရစ္ဆာန်ရောဂါကုဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

0 မှတ်ချက်များ to “ခွေးတွေမှာဖြစ်တတ်တဲ့ အတက်ရောဂါ (Stokes-Adams Syndrome)”

Post a Comment