«««« အထူးသတိပြုပါ »»»»
မိမိချစ်သောခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန် အမြဲသတိပြုပါ. . .

31 Jul 2024

Key-Gaskell Syndrome (ခေါ်) အစာကိုမျိုမချနိုင်သည့်လက္ခဏာစု

,

၁၉၈၀ ခုနှစ်အစောပိုင်းကာလမှာ အင်္ဂလန်နိုင်ငံက တိရစ္ဆာန်ရောဂါကုဆရာဝန်နှစ်ဦးဖြစ်တဲ့ ဒေါက်တာ  John Key နဲ့ ဒေါက်တာ Rodney Gaskell တို့ဟာ ဒီရောဂါလက္ခဏာတွေကို ကြောင်တွေမှာဖြစ်ပွားနေတာကို စတင်တွေရှိခဲ့တာဖြစ်ပါတယ် ၊ နောက်ထပ်ဆက်လက်လေ့လာမှုတွေအရ ဒီရောဂါဟာကြောင်တွေမှာသာမကပဲ ခွေးနဲ့အခြားတိရစ္ဆာန်တွေမှာလည်းဖြစ်ပွားတာကို‌ တွေ့ရှိလာရတဲ့အတွက် ဒေါက်တာ  John Key နဲ့ ဒေါက်တာ Rodney Gaskell တို့ကိုဂုဏ်ပြုသောအားဖြင့် ဒီရောဂါကို Key-Gaskell Syndrome လို့အမည်ပေးခဲ့တာဖြစ်ပါတယ်၊ ဒီရောဂါကို Dysautonomia(အလိုအလျှောက်အာရုံကြောစနစ်ဖောက်ပြန်သောရောဂါ) လို့လည်းခေါ်ကြပါသေးတယ်။

ဒီရောဂါရဲ့လက္ခဏာတွေက အမျိုးမျိုးကွဲပြားတတ်ပါတယ်၊  နှလုံးခုန်မမှန်တာ၊ သွေးပေါင်ချိန်ကိုမထိမ်းနိုင်တာတွေဖြစ်တတ်ပါတယ်၊ အလွယ်တကူ‌ တွေ့ရနိုင်တဲ့လက္ခဏာက‌တော့ အစာကိုမျိုချဖို့ခက်ခဲလာတာပဲဖြစ်ပါတယ် ၊ နောက်ပြီးတော့မကြာခဏအန်တတ်တဲ့အပြင် ဝမ်းချုပ်နေတတ်ပါတယ် ၊ နှာခေါင်းချွေးမထွက်မထွက်ပဲ ခြောက်နေတတ်ပါတယ် ၊ သေချာစစ်ဆေးကြည့်တဲ့အခါ  မျက်လုံးသူငယ်ကအိမ်ကျယ်နေတာကို‌တွေနိုင်ပါတယ်၊ မျက်လုံးကိုဓါတ်မီးနဲ့ထိုးကြည့်ရင်တောင် သူငယ်အိမ်ကကျုံ့မသွားပဲ ကျယ်မြဲကျယ်နေရင် Key-Gaskell Syndrome ရောဂါဖြစ်နိုင်ခြေများပါတယ်။

ဒီရောဂါဖြစ်လာရတဲ့အကြောင်းရင်းကိုတော့ ဘယ်သူမှတိတိကျကျမပြောနိုင်သေးပါဘူး

အချို့ပညာရှင်တွေကတော့ ဒီရောဂါဟာ ပတ်ဝန်းကျင်မှာရှိနေတဲ့ အဆိပ်အတောက်ဖြစ်စေတတ်တဲ့အရာတွေအပြင် အချို့သောရောဂါပိုးတွေကြောင့်ဖြစ်ပွားရတာလို့ ယူဆကြပါတယ်။

ခွေးဖြစ်စေကြောင်မှာဖြစ်စေ ဒီရောဂါဖြစ်လာရင် သူ့ရဲ့ခန္တာကိုယ်ထဲမှာရှိနေတဲ့ အလိုအလျှောက်တုန့်ပြန်တဲ့အာရုံကြောစနစ်ထဲကအာရုံကြောတွေရဲ့အဆက်နေရာတွေမှာ ထိခိုက်ပျက်စီးမှုတွေဖြစ်လာတာကို‌တွေ့ရတတ်ပါတယ်။

Key-Gaskell Syndrome ဟုတ်မဟုတ်ကို ရောဂါလက္ခဏာတွေအရခန့်မှန်းသိရှိနိုင်တဲ့အပြင် သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ ဓါတ်မှန်ရိုက်ခြင်းနဲ့ အာရုံကြောအပိုင်းအစတွေကို ရယူစစ်ဆေးခြင်းနည်းတွေနဲ့သိရှိနိုင်ပါတယ်

ဒီရောဂါကိုကုသဖို့အတွက် တိကျတဲ့ကုထုံးနဲ့ ဆေးဝါးတွေမရှိသေးပါဘူး ၊ ဖြစ်နေတဲ့ရောဂါလက္ခဏာတွေအ‌ပေါ်မှာမူတည်ပြီး ပိုဆိုးမလာအောင်ထိမ်းပေးခြင်းနဲ့ အခြားအထောက်အကူပြုကုထုံးတွေနဲ့ သက်သာအောင်လုပ်ပေးရပါတယ်။

ဓါတ်ဆားရည်တိုက်‌ကျွေးခြင်း အာဟာရပြည့်ဝတဲ့အစာကိုကျွေးခြင်း ပိုးသတ်ဆေးပါတဲ့မျက်စဉ်းခပ်ပေးခြင်းတို့ပြုလုပ်ပေးနိုင်ပါတယ်။

လိုအပ်သလိုထိမ်းချုပ်ကုသပေးနေပေမယ့် ခံစားရတဲ့ရောဂါလက္ခဏာတွေက ထိမ်းမနိုင်သိမ်းမရပဲ အစာကိုမျိုမချနိုင်တဲ့အတွက် အာဟာရပြတ်ပြီးပိန်ချုံးချည့်နဲ့လာကာ အခြေအနေက ပိုမိုဆိုးရွားလာတတ်ပါသေးတယ် အဲဒီလိုအခြေအနေမျိုးဖြစ်လာတဲ့အခါမှာ အချို့ပိုင်ရှင်‌တွေဟာ သူတို့ရဲ့ကလေးကိုဝေဒနာတွေဆက်လက်မခံစားစေချင်တော့တဲ့အတွက် ညင်သာစွာအသက်ထွက်စေခြင်း (Euthanasia) ပြုလုပ်ပေးဖို့ မျက်ရည်‌တွေကြားကတောင်းဆိုလာ‌လေ့ရှိပါတယ်။

0 မှတ်ချက်များ to “ Key-Gaskell Syndrome (ခေါ်) အစာကိုမျိုမချနိုင်သည့်လက္ခဏာစု”

Post a Comment