«««« အထူးသတိပြုပါ »»»»
မိမိချစ်သောခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန် အမြဲသတိပြုပါ. . .

4 Aug 2024

Peripheral Vestibular Syndrome (ခေါ်) ဟန်ချက်မထိမ်းနိုင်သောရောဂါလက္ခဏာစု

,

ခွေးကြောင်တွေမှာဖြစ်ပွားတတ်တဲ့ Peripheral Vestibular Syndrome ဆိုတာက နားအတွင်းပိုင်းမှာရှိတဲ့ အာရုံခံအစိပ်အပိုင်းတွေ ပုံမှန်အခြေအနေကနေပြောင်းလဲသွားတာကြောင့်ဖြစ်ပွားလာတဲ့ ရောဂါလက္ခဏာစုကိုခေါ်တာဖြစ်ပါတယ်

Vestibular system ဆိုတာက နားရဲ့အတွင်းဆုံးအပိုင်းမှာရှိတဲ့ အာရုံခံအင်္ဂါအစိပ်အပိုင်း‌တွေဖြစ်ပြီး ဟန်ချက်ပျက်နေကြောင့်သိရှိလိုက်တာနဲ့ သူနဲ့ထိစပ်နေတဲ့ Vestibulocochlear အာရုံကြောကနေတဆင့် ဦးနှောက်ကိုသတင်းပို့ပေးနေတဲ့ အင်္ဂါအစိပ်အပိုင်း‌ဖြစ်ပါတယ်၊ သတင်းပို့ချက်ကိုလက်ခံရရှိတဲ့အခါမှာ ဦးနှောက်ကနေ ဟန်ချက်ကိုပြန်လည်တည့်မတ်လာအောင်ဆောင်ရွက်ပေးတာဖြစ်ပါတယ်၊ ဒါကြောင့်မို့  နားရဲ့အတွင်းဆုံးအပိုင်းမှာရှိတဲ့ Vestibular system ကို ဟန်ချက်ထိမ်းအင်္ဂါလို့အလွယ်တကူ‌ခေါ်ကြတာဖြစ်ပါတယ်၊ အကြောင်းအမျိုးမျိုးကြောင့် Vestibular system ဟာ သူ့ရဲ့ပုံမှန်အလုပ်ကိုမလုပ်နိုင်တဲ့အခါ ဟန်ချက်ကိုမထိမ်းနိုင်တော့ပဲ Peripheral Vestibular Syndrome ဖြစ်ပွားလာပါတယ်။

အဲဒီအခါခွေးကြောင်ရဲ့ဦးခေါင်းဟာ တည်တည်ငြိမ်ငြိမ်ရှိမနေပဲ ငြိမ့်တုန့်ငြိမ့်တုန့် ဆတ်တောက်ဆတ်တောက်ဖြစ်နေတတ်ပါတယ်၊ လှုပ်ရှားသွားလာတဲ့အခါ တည်တည်ငြိမ်ငြိမ်မသွားနိုင်ပဲ ဒယီးဒယိုင်နဲ့ ဟိုဖက်ကိုလဲကျတော့မှာလိုလို ဒီဖက်ကိုလဲကျတော့မှာလိုလို ဟန်ချက်ကိုမထိမ်းနိုင်ပဲ လှုပ်ရှားသွားလာနေရတာကိုမြင်တွေ့နိုင်ပါတယ်၊ တခါတလေမှာ စက်ဝိုင်းပုံလို ပတ်ခြာလည်နေတတ်ပါသေးတယ်၊ အဲဒီရောဂါခံစားနေရတဲ့ခွေးကြောင်ကိုသေခြာစစ်ဆေးကြည့်ရင် သူ့ရဲ့မျက်လုံးဟာ တည်တည်ငြိမ်ငြိမ်မရှိပဲ ဆတ်ကနဲဆတ်ကနဲလှုပ်ရှားနေတတ်တာကိုတွေ့နိုင်ပါတယ် အဲလိုဖြစ်နေတာကိုဆေးပညာမှာ(Nystagmus)လို့ခေါ်ပါတယ်။

ခွေးကြောင်တွေမှာ ဒီ Peripheral Vestibular Syndrome ဟာ ဘယ်လိုအကြောင်းရင်းကြောင့် ဖြစ်ပွားလာရသလဲဆိုတာ ဒီနေ့အထိရှာဖွေတွေ့ရှိခြင်းမရှိသေးပါဘူး၊ အချို့ပညာရှင်တွေကတော့ ဒီ Peripheral Vestibular Syndrome ဟာ အချို့သောရောဂါဖြစ်ပွားမှုတွေရဲ့နောက်ဆက်တွဲလက္ခဏာတစ်ခုဖြစ်တယ်လို့ယူဆ‌နေကြပါတယ်။

ဒီရောဂါကုသဖို့ တိကျတဲ့ဆေးတွေမရှိသေးပေမယ့် စနစ်တကျပြုစု‌ပေးမှု၊ အထောက်အကူပြုကုထုံးတွေအပြင် ဖြစ်ပွားနေတဲ့လက္ခဏာတွေအပေါ်မှာမူတည်ပြီး လိုအပ်တဲ့ကုသမှုတွေကို စနစ်တကျပြုလုပ်ပေးခြင်းအားဖြင့် ပြန်လည်သက်သာကောင်းမွန်လာစေနိုင်ပါတယ်။

0 မှတ်ချက်များ to “Peripheral Vestibular Syndrome (ခေါ်) ဟန်ချက်မထိမ်းနိုင်သောရောဂါလက္ခဏာစု”

Post a Comment