«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

29 May 2023

ခွေးများတွင်ဖြစ်ပွားတတ်သော အရေပြားရောဂါ(Pemphigus foliaceus) ရောဂါ

,

ခွေးတွေရဲ့ အရေပြားမှာပြည်တည်နာ‌တွေဖြစ်ပြီး တစ်ကိုယ်လုံးအနှံ့ အနာတွေပေါက်တဲ့ရောဂါကို တစ်ခါတစ်ရံတွေ့ဖူးကြပါလိမ့်မယ် ၊ အဲဒီရောဂါကို တိရစ္ဆာန်ဆေးပညာအရ Pemphigus foliaceus ရောဂါလို့‌ခေါ်ပါတယ် ၊ ဒီရောဂါဖြစ်ပွားလာရခြင်းရဲ့အကြောင်းရင်းကို အတိအကျမသိကြသေးပါဘူး ၊ ဒါပေမယ့် မျိုးဗီဇဆိုင်ရာ မှားယွင်းမှုကြောင့်လို့လည်း ပညာရှင်အချို့ကယူဆထားကြပါတယ်။ ရောဂါပိုးတွေ၊ ဆေးဝါးတွေနဲ့ ပတ်ဝန်းကျင်ဆိုင်ရာအခြေအနေတွေကလည်း ဒီရောဂါဖြစ်ပွားလာစေတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပတ်သက်မှုရှိနိုင်တယ်လို့ယူဆကြတဲ့ပညာရှင်‌တွေလည်းရှိပါတယ်။

ဒါပေမယ့် တိရစ္ဆာန်ဆေးပညာရှင်အများစုကတော့ ဒီရောဂါဟာ ကိုယ်ခန္တာရဲ့ခုခံအားစနစ်ဖောက်လွဲဖောက်ပြန်ဖြစ်တာကြောင့် ဖြစ်ပွားလာတာလို့ယူဆကြပါတယ် ၊ ကိုယ်ခန္တာရဲ့ခုခံအားစနစ်ဖော်လွဲဖောက်ပြန်ဖြစ်တဲ့ အခါ ခွေးရဲ့အရေပြားဆဲလ်တွေကို ရန်သူအဖြစ်အမှတ်မှားပြီး သူ့ရဲ့ခုခံအားစနစ်ကိုယ်တိုင်က တိုက်ခိုက်တဲ့အတွက်‌ရောဂါအဆင့်အထိဖြစ်လာတာဖြစ်ပါတယ်။

 Pemphigus foliaceus ရောဂါဖြစ်လာရင် အရေပြား‌ပေါ်နဲ့ အတွင်းသား‌နေရာတွေမှာ အရည်ကြည်ဖုတွေနဲ့ ပြည်ဖုသေးသေးလေးတွေစတင်ဖြစ်‌ပေါ်လာပါတယ် ၊ အဲဒီအရည်ကြည်ဖုတွေ ပေါက်ပြဲသွားတဲ့အခါ အရေပြား‌တွေကွာပြီး အမွှေးကျွတ်တာတွေ ဖြစ်လာတတ်ပါတယ် ၊ အခြေအနေဆိုးလာတဲ့အထိ မကုသပဲထားရင်တော့ ခွေးတစ်ကောင်လုံးမြင်မကောင်းအောင် အ‌ရေပြားအနာတွေဖြစ်လာတတ်ပါတယ်။

ဒီရောဂါဖြစ်ပွားလာရင် စနစ်တကျကုသစောင့်ရှောက်ဖို့လိုအပ်ပါတယ်။

Pemphigus foliaceus ဟာ တစ်ခြားအရေပြားရောဂါတွေနဲ့ ပြင်ပလက္ခဏာချင်းဆင်တူတဲ့အတွက် ရောဂါရှာဖွေစစ်‌ဆေးဖို့ လိုအပ်ပါတယ် ၊ ဒီရောဂါဖြစ်ပွားတာသေချာရင်တော့  ခုခံအားစနစ်ရဲ့ တုံ့ပြန်မှုကို ထိန်းချုပ်နိုင်တဲ့ စတီရွိုက်‌ဆေးတွေ ၊ ခုခံအားထိန်းဆေးတွေနဲ့စတင်ကုသပေးလေ့ရှိပါတယ် ၊ အဲဒီဆေးတွေဟာ အရေပြားရောင်ရမ်းမှုကိုလည်းလျော့ပါးစေတဲ့အတွက် ရောဂါလက္ခဏာတွေကို မကြာမီ စတင်သက်သာလာစေနိုင်ပါတယ် ၊ ကုသပေးတဲ့တိရစ္ဆာန်ရောဂါကုဆရာဝန်အနေနဲ့ ထိခိုက်နေတဲ့အရေပြားကို သက်သာစေဖို့နဲ့ နောက်ဆက်တွဲရောဂါပိုးတွေကို တားဆီးနိုင်တဲ့ဆေးတွေပါဝင်တဲ့  ခေါင်းလျှော်ရည်တွေ၊ ခရင်မ်တွေ၊ ဒါမှမဟုတ် ဖြန်းဆေးတွေကိုလည်း ညွှန်ကြားတတ်ပါတယ်။ ခွေးပိုင်ရှင်အနေနဲ့ အသုံးပြုရမယ့်ဆေးပမာဏ၊ အကြိမ်ရေနဲ့ ဖြစ်လာနိုင်ချေရှိတဲ့ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေအကြောင်း တိရစ္ဆာန်ရောဂါကုဆရာဝန်ကိုသေချာမေးမြန်းထားပြီး ညွှန်ကြားချက်တွေအတိုင်း အတိအကျလိုက်နာသင့်ပါတယ်။ ခွေးပိုင်ရှင်အနေနဲ့ ခွေးကို သက်တောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်မှာထားပေးဖို့လည်းအရေးကြီးပါတယ်။ ခွေးရဲ့ခန္တာကိုယ်ပေါ်က အနာဖြစ်နေတဲ့နေရာတွေကို သန့်ရှင်းခြောက်သွေ့အောင်ထားရပါမယ်။ ခွေးကိုယားယံစေနိုင်တဲ့အရာတွေ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့အရာတွေနဲ့ မထိတွေ့‌ အောင်ဂရုစိုက်သင့်ပါတယ်။ ညွှန်ကြားထားတဲ့‌ရေချိုးဆပ်ပြာနဲ့ ပုံမှန်ရေချိုးပေးပြီး လိမ်း‌ဆေးကို ပုံမှန်လိမ်းပေးခြင်းအားဖြင့် အညစ်အကြေးတွေကို ဖယ်ရှားနိုင်တဲ့အပြင် အမွေးတွေကပ်ပြီးလုံးထွေးနေခြင်းမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ် ၊ ဒီရောဂါဟာ ကုသပေးလို့သက်သာလာရင်တောင် ရောဂါငုတ်ပြီး အတွင်းမှာ နာတာရှည်ပုံစံဖြစ်နေနိုင်‌သေးတာကြောင့် ခွေးရဲ့တိုးတက်မှုအ‌ခြေအနေကို   ဆက်လက်စောင့်ကြည့်နေဖို့လိုအပ်ပါတယ်။

တိရစ္ဆာန်ရောဂါကုဆရာဝန်နဲ့ ပုံမှန်စစ်ဆေးမှုပြလုပ်ပေးခြင်းအားဖြင့် လိုအပ်ပါက အသုံးပြုရမယ့်ဆေးကိုပြောင်းသင့်ရင် အချိန်မီပြောင်းပေးနိုင်မှာဖြစ်ပါတယ် ။

0 မှတ်ချက်များ to “ခွေးများတွင်ဖြစ်ပွားတတ်သော အရေပြားရောဂါ(Pemphigus foliaceus) ရောဂါ”

Post a Comment